ရိခေါ်ဒါရ် ၁၄ ဇူလိုင်

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ဦးဆောင်စီစဉ်မှုဖြင့် ပညာရေးဌာန၊ မြို့မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းနှင့် မြို့အမျိုးသမီးရေးရာ အဖွဲ့ခွဲတို့နှင့်ပူးပေါင်းကာ (၇၂)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြို ပြိုင်ပွဲများကို ဇူလိုင် ၁၃ ရက် မွန်းလွဲ ၃ နာရီတွင် ရိခေါ်ဒါရ်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပသည်။

 

111

 

ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှူး ဦးလာလ်ပက်လောမ်က အာဇာနည်နေ့သမိုင်း၊ အာဇာနည်ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ စိတ်ထား၊ လွတ်လပ်ရေး ရရှိရေးအတွက် စွန့်စားဆောင်ရွက်မှုများနှင့် ကျောင်းသားကျောင်းသူများ၏ အတုယူစရာများကို ရှင်းလင်းဆွေးနွေးပြီး ပြိုင်ပွဲငါးမျိုး ယှဉ်ပြိုင်ဆောင်ရွက်မည့် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရွတ်ဆို ပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းပြောပြိုင်ပွဲနှင့် ဗိုလ်ချုပ်အောင်ဆန်း ပုံတူရေးဆွဲခြင်းပြိုင်ပွဲများ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များ၊ ပြိုင်ပွဲအမှတ်ပေးစည်းမျဉ်းများကို ရှင်းလင်းပြောကြားသည်။

 

22

 

ထို့နောက် အခြေခံပညာအထက်တန်းကျောင်းမှ မူလတန်းအဆင့် ကျောင်းသား ကျောင်းသူ (၁၂)ဦးတို့က “အောင်ဆန်းဇာနည်” ခေါင်းစဉ်ဖြင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို လည်းကောင်း၊ အလယ်တန်းအဆင့် ကျောင်းသားကျောင်းသူ (၉)ဦးတို့က ပုံပြောပြိုင်ပွဲကို လည်းကောင်း၊ အလယ်တန်းအဆင့် ကျောင်းသားကျောင်းသူ (၁၄)ဦးတို့က ဗိုလ်ချုပ်မိန့်ခွန်း ပြောပြိုင်ပွဲကို လည်းကောင်း၊ အထက်တန်းအဆင့် ကျောင်းသားကျောင်းသူ (၈)ဦးတို့က “ဆယ့်ကိုးဇူလိုင် မမေ့နိုင်”ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲကို လည်းကောင်း၊ မူလတန်းနှင့် အလယ်တန်းအဆင့် ကျောင်းသားကျောင်းသူ (၂၈)ဦးတို့က ဗိုလ်ချုပ်အောင်ဆန်း ပုံတူပန်းချီရေးဆွဲခြင်းပြိုင်ပွဲများကို လည်းကောင်း အသီးသီး ဝင်ရောက်ယှဉ်ပြိုင်ကြကြောင်း သိရသည်။

အာဇာနည်နေ့ အကြိုပြိုင်ပွဲ ငါးမျိုးမှ ဆုရရှိသူ ကျောင်းသားကျောင်းသူများအား ဇူလိုင် ၁၉ ရက် အာဇာနည်နေ့အခမ်းအနားတွင် ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ပြီး အဆိုပါပြိုင်ပွဲ ယှဉ်ပြိုင်မှုကို ပညာရေးဌာနမှ ကျောင်းဆရာ/ဆရာမများ၊ မြို့မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ခွဲနှင့် ကျောင်းသားမိဘများ တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။

ရိခေါ်ဒါရ် (ပြန်/ဆက်)