ဗန်းမော် ၁၄ ဇူလိုင်

    
ဗန်းမော်မြို့တွင် ဧရာဝတီမြစ်ရေကြီးမှုကြောင့် ယာယီကယ်ဆယ်ရေးစခန်းများ၌ ခေတ္တခိုလှုံနေကြသော မိသားစုဝင်များထံသို့ အစားအစာများကို လက်ဝယ်အရောက် ဇူလိုင် ၁၄ ရက် နံနက် ၁၁ နာရီတွင် ပေးအပ်လှူဒါန်းခဲ့သည်။

 

ထိုသို့ပေးအပ်လှူဒါန်းရာတွင် မြို့ပေါ်ရှိ ယာယီကယ်ဆယ်ရေးစခန်း ၉ ခုသို့ ပြောင်းရွှေ့နေထိုင်ကြသည့် အိမ်ထောင်စုပေါင်း ၁၅၀၊ လူဦးရေ ၅၇၅ ဦးတို့အား အလှူရှင်များက ပေးပို့လှူဒါန်းသည့် ခေါက်ဆွဲခြောက်ထုပ်များ၊ သောက်ရေသန့်ဘူးများ၊ ထမင်းထုပ်များနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနမှ လူတစ်ဦးလျှင် ၁ ရက် ၃၀ဝ ကျပ်နှုန်းဖြင့် ၇ ရက်စာ ဆန်ဖိုး ကျပ် ၁၂၀၇၅၀ဝ ကျပ်တို့ကို ပေးအပ်လှူဒါန်းခဲ့သည်။

 

ယနေ့ နံနက် ၁၁ နာရီတွင် ဧရာဝတီမြစ်ရေသည် ဗန်းမော်မြို့၏ စိုးရိမ်ရေအမှတ် ၁၁၅၀ စင်တီမီတာကိုကျော်လွန်၍ ၁၁၇၉ စင်တီမီတာသို့ ရောက်ရှိနေကြောင်း သိရသည်။

 


ခရိုင်(ပြန်/ဆက်)