ငပုတော  ၁၄ ဇူလိုင်

 

ရာသီတုပ်ကွေးရောဂါသည် နှစ်စဉ်မိုးရာသီနှင့် ဆောင်းရာသီ အကူးအပြောင်းကာလများတွင် ဖြစ်ပွားမှုများပြားလျက်ရှိပြီး ယခုနှစ်တွင်ဖြစ်ပွားလျက်ရှိသော ရာသီတုပ်ကွေးရောဂါ H1 N1 သည် ကမ္ဘာ့နိုင်ငံများတွင်လည်း နှစ်စဉ်ဆက်လက်ကူးစက် ပြန့်ပွားလျက်ရှိသည်။

 

မိုးရာသီတုပ်ကွေးရောဂါ H1N1 သည် အသက်ရှုလမ်းကြောင်းမှတစ်ဆင့် ကူးစက်သည့် ရောဂါဖြစ်သည့်အတွက် ကူးစက်မှုနှုန်းမြန်ဆန်မြင့်မားပြီး သက်ကြီးရွယ်အိုများ၊ ကလေးငယ်များ၊ နာတာရှည်ရောဂါရှိသူများနှင့် ခုခံအားစနစ်ကျစေသော ဆေးသောက်သုံးနေရသူ၊ ကင်ဆာရောဂါဝေဒနာရှင်များတွင် ရောဂါဖြစ်ပွားပါက ပိုမိုပြင်းထန်ပြီး အသက်အန္တရာယ်ဆုံးရှုံးနိုင်သည်အထိ ထိခိုက်မှုများရှိသောကြောင့် ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်အတွင်း၌ ရာသီတုပ်ကွေးရောဂါ H1N1 ဖြစ်ပွားမှုမရှိစေရေးအတွက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းနှင့် ကာကွယ်ထိန်းချုပ်ခြင်း ဦးစီးကော်မတီ၊ ရောဂါစောင့်ကြပ်ကြည့်ရှုရေးကော်မတီ၊ ရောဂါကုသတုံ့ပြန်ဆောင်ရွက်ရေးကော်မတီ၊ ရောဂါသတင်းနှင့် ပြန်ကြားရေးပြန်ကြားကော်မတီ စသည့် ကော်မတီလးခုတို့ကို ဖွဲ့စည်းထားရှိကြောင်း သိရသည်။

 

အဆိုပါကော်မတီသည် ရာသီတုပ်ကွေး H1 N1 ရောဂါကာကွယ်မှု၊ ဖြစ်ပွားမှုနှင့်ပတ်သက်သည့် လိုအပ်ချက်များကို ထောက်ပံ့စီမံပေးအပ်ခြင်း၊ ရောဂါကိုစောလျင်စွာ သိရှိနိုင်ရေးအတွက် သံသယလူနာများ၊ ဖျားနာသူများကို စုံစမ်းဖော်ထုတ်၍ အထက်အဆင့်ဆင့်သို့ သတင်းပေးပို့ခြင်း၊ သံသယရှိလူနာများအား ပြင်ပလူနာဌာန၊ ဆေးရုံဆေးခန်းသို့ အချိန်မီပြသနိုင်ရေး လမ်းညွှန်မှုပေးခြင်းနှင့် အတူနေမိသားစုအား တစ်ပတ်စောင့်ကြပ်ကြည့်ရှုခြင်း၊ ပြည်သူလူထုအားအသိပညာပေးခြင်း၊ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ကာ ရောဂါနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို ထုတ်ပြန်ဆောင်ရွက်ပေးနိုင်ရန်အတွက် စီမံဆောင်ရွက်ထားပြီး ရာသီတုပ်ကွေးရောဂါ H1 N1 ဖြစ်ပွားမှုကို ကာကွယ်ထိန်းချုပ်ရာတွင် အထောက်အကူဖြစ်စေရန်အတွက် စီမံချက်ရေးဆွဲ အကောင်အထည်ဖော်နေခြင်းဖြစ်ကြောင်း ငပုတောမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာထံမှ သိရသည်။

 

လှမင်းထွဋ်(ပြန်/ဆက်)