စစ်တွေ ၁၄ ဇူလိုင် 

 

ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ ဝါဆိုသင်္ကန်းကပ်လှူပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ကြပြီး ပြည်နယ်ဩဝါဒစရိယ စစ်တွေမြို့ နန္ဒာရာမပရိယတ္တိ ကျောင်းတိုက် ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဆရာတော် ဘဒ္ဒန္တနန္ဒသီရိထံမှ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် ဇနီးအမှူးပြုသော ဧည့်ပရိတ်သတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြသည်။ 

 

ဆက်လက်၍ ကြွရောက်တော်မူကြကုန်သော သံဃာတော်အရှင်သူမြတ်များက မေတ္တသုတ်ပရိတ် တရားတော်များ ရွတ်ပွားသရဇ္ဈာယ်ချီးမြှင့်တော်မူကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများက ဝါဆိုသင်္ကန်းနှင့်လှူဖွယ် ဝတ္တုများဆက် ကပ်လှူဒါန်းကြသည်။

 

ထို့နောက် ပြည်နယ် ဩဝါဒစရိယ၊ စစ်တွေမြို့ဒက္ခိဏာရာမ ကျောင်းတိုက် ပဓာနနာယက အဘိဓဇမဟာရဠဂုဂု၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဓဇ ဘဒ္ဒန္တ စန္ဒ မဟာထေရ်မြတ်ထံမှ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး အမှူးပြုသော ဧည့်ပရိတ်သတ်များက ရေစက်ချတရားနာယူကြပြီး ရေစက်သွန်းချအမျှပေးဝေကြသည်။ 

 

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။ 

 

တင်ထွန်း(ပြန်/ဆက်)