မုံရွာ ၁၄ ဇူလိုင်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့်ဇနီးသည် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါ၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြန်မာ့သစ်လုပ်ငန်း၊ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာသစ်ထုတ်ရေးဒေသ၏ မုံရွာမြို့နယ် ခတက္ကန်(တောင်)ကျေးရွာ ဗောဓိတထောင် သာသနာ့နယ်မြေအတွင်းရှိ ဗောဓိတထောင် ဆင်ထိန်းသိမ်းစောင့်ရှောက်ရေးစခန်းကို ဇူလိုင် ၁၄ ရက် နံနက် (၈)နာရီက တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ဗောဓိတထောင် ဆင်စခန်းကမ္ပည်းကျောက်စာတိုင်အား အမွေးနံ့သာရည်များ ပက်ဖျန်းပေးကြကာ အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ပေးမှု အခြေအနေများနှင့်စပ်လျဉ်း၍ ယနေ့ဖွင့်လှစ်လိုက်သည့် ဗောဓိတထောင် ဆင်ထိန်းသိမ်းစောင့်ရှောက်ရေးစခန်းမှ ပြည်တွင်းပြည်ပခရီးသွားများကို စိတ်ဝင်စားအောင် လုပ်ဆောင်ပေးခြင်းဖြင့် ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ရရှိပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း အမှာစကားပြောကြားခဲ့သည်။
ယင်းနောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တက်ရောက်လာကြသူများနှင့်အတူ ဗောဓိတထောင် ဆင်စခန်းဖွင့်ပွဲအထိမ်းအမှတ်အဖြစ် အရိပ်ရသစ်ပင်များနှင့် သီးပင်စားပင်များကို စုပေါင်းစိုက်ပျိုးပေးပြီး ဗောဓိတထောင်ဆင်စခန်း ဧရိယာအတွင်း ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ဗောဓိတထောင် ဆင်ထိန်းသိမ်းစောင့်ရှောက်ရေးစခန်းသို့ လာရောက်လည်ပတ်ကြမည့် ပြည်တွင်းဧည့်သည်များသည် ဆင်စခန်းဝင်ကြေးအနေဖြင့် ငွေကျပ်ကျပ် ၁၀ဝ၀၊ ဆင်စီးနင်းပါက တစ်ဦးလျှင်ငွေကျပ် ၅၀ဝ၀၊ နိုင်ငံခြားဧည့်သည်တစ်ဦးလျှင် ဝင်ကြေး ငွေကျပ် ၁၀ဝ၀ဝ၊ ဆင်စီးပါက တစ်ဦးလျှင် ငွေကျပ် ၂၀ဝ၀ဝ နှုန်းဖြင့် စီးနင်းနိုင်ပြီး ငါးနှစ်အောက် ကလေးငယ်များနှင့် သံဃာတော်များ၊ သီလရှင်များအား ဝင်ကြေးအခမဲ့ဖြင့် ဝင်ရောက်ကြည့်ရှုနိုင်ရေး စီစဉ်ထားကြောင်း သိရသည်။
ယင်းနောက် မဟာဗောဓိတထောင်ကျောင်းတိုက် ဒေါ်သီသနပ်ခါး ဓမ္မဗိမ္မာန်တွင် ကျင်းပပြုလုပ်သော ဧတဒသမအကြိမ် စာအောင်ဆုပေးပွဲနှင့် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း အလှူတော်မင်္ဂလာအခမ်းအနားသို့ တက်ရောက်၍ ဆရာတော်သံဃာတော် အရှင်သူမြတ်များအား ဖူးမြော်ကြည်ညိုပြီး စာအောင်သံဃာတော် အရှင်သူမြတ်များထံသို့ စာအောင်ဂုဏ်ပြုလက်မှတ်များနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ လှူဒါန်းခဲ့ကြကာ ထိုင်တော်မူဘုရားကြီးအတွင်း လှည့်လည်ကြည်ညို ပူဇော်ခဲ့ကြကြောင်း သိရသည်။
ထွန်းကိုကို(ယင်းမာပင်)


