ကသာ ၁၄ ဇူလိုင်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်တွင် ဧရာဝတီမြစ်ရေမြင့်တက်လာသဖြင့် ကမ်းပါးပြိုကျမှု ဖြစ်ပေါ်ခဲ့ရာ လူနေအိမ် ၉၃ လုံး ရွှေ့ပြောင်းနေထိုင်ကြရကြောင်း သိရသည်။
ကသာမြို့နယ်မှ ဧရာဝတီမြစ်ကမ်းဘေးရှိ မိုးတားလေးကျေးရွာ၊ သစ်ဖြူကုန်းကျေးရွာ၊ လက်ပံဇင်ကျွန်းကျေးရွာ၊ ရေလယ်ကျွန်းကျေးရွာတို့တွင် ဧရာဝတီမြစ်ရေ မြင့်တက်လာသောကြောင့် ကမ်းပါးပြိုကျရာ စုစုပေါင်း လူနေအိမ် ၉၃ လုံးသည် ဘေးလွှတ်ရာသို့ ရွှေ့ပြောင်း နေထိုင်ကြရသည်။
''၂၀၁၉ ခုနှစ် မိုးရာသီကာလအတွင်းကနေ လက်ရှိအချိန်အထိ ကမ်းပါးပြိုကျမှုကြောင့် ရွှေ့ပြောင်းနေထိုင်ရတဲ့အိမ် ၉၃ လုံးရှိသွားပါပြီ။ မိုးရာသီကာလမှာ ရေကြီးရေလျှံမှုနှင့် ကမ်းပြိုမှုများကြာင့် ပြောင်းရွှေ့ရတာတွေကို ထောက်ပံ့ကြေပေးနေပါတယ်။ အခု ထောက်ပံကြေးပေးခဲ့တာ နေအိမ် ၆၆ လုံးအထိရှိပြီ။ နောက်ရက်တွေလည်း ကျန်ကျေးရွာတွေကို ဆက်လက်ထောက်ပံ့ပေးသွားပါမယ် " ဟု ကသာမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညီညီထွန်း ကပြောသည်။
ကမ်းပါးပြိုကျမှုကြောင့် ရွှေ့ပြောင်းရသည့် နေအိမ်များကို ပြောင်းရွှေ့စရိတ်အဖြစ် နိုင်ငံတော်အစိုးရ၏ မူဝါဒအရ နေအိမ်တစ်လုံးလျှင် ငွေကျပ်တစ်သိန်းနှင့် ကယ်ဆယ်ရေးပစ္စည်း ၁၀မျိုး ထောက်ပံပေးကြောင်း သိရသည်။
မြစည်


