ဘိုကလေး ၁၄ ဇူလိုင်

 

ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ သကံဝကျေးရွာအုပ်စု၊ ငွေတောင်ကျေးရွာတွင်  ကောက်စိုက်စက်ဖြင့် သရုပ်ပြစိုက်ပျိုးပွဲ၊  ရွှေခရုကောက်ပြိုင်ပွဲနှင့် ရွှေခရုကာကွယ်နှိမ်နင်းခြင်း နည်းပညာပေး ဟောပြောပွဲအခမ်းအနားကို ယနေ့မွန်းလွဲ(၁)နာရီက  ငွေတောင်ကျေးရွာ စိုက်ပျိုးရေးစခန်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

 

ရှေးဦးစွာ ငွေတောင်ကျေးရွာ တောင်သူ ဦးတင်စိုး၏ (ကွင်းအမှတ်-၇၉၀)၊ (ဦးပိုင်-၄၀) ရှိ လယ်မြေပေါ်တွင် ကောက်စိုက်စက်ဖြင့် သရုပ်ပြစိုက်ပျိုးခြင်း အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ ဖျာပုံခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်ကျော်နိုင်၊ ခရိုင်သီးနှံကာကွယ်ရေးတာဝန်ခံ ဒေါ်ဥမ္မာအေးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ပြီး ရွှေခရုကောက်ပြိုင်ပွဲတွင် အနိုင်ရရှိသူများအားဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။

 

ထို့နောက် ငွေတောင်ကျေးရွာ စိုက်ပျိုးရေးစခန်းတွင်  ရွှေခရုကာကွယ်နှိမ်နင်းခြင်း နည်းပညာပေး ဟောပြောပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ  ဖျာပုံခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်ကျော်နိုင်က" တောင်သူများ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းဖြင့် ကုန်ကျစရိတ် သက်သာနိုင်ပြီး စပါးအထွက်တိုးနိုင်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ကျေးရွာတောင်သူများဆီသို့ ကွင်းဆင်းကာ မြေနမူနာယူခြင်း၊ ဓာတ်ခွဲခန်းသို့ ပေးပို့ပြီး ရရှိသော အဖြေလွှာအား တောင်သူများဆီသို့ ပြန်လည်ပေးအပ်ကာ လယ်မြေအတွက် လိုအပ်သည့် ပြုပြင်ထိန်းသိမ်းနည်းများကို အကြံပေးလျက်ရှိကြောင်း၊ တောင်သူများ ထုံးထည့်စိုက်ပျိုးခြင်းဖြင့်  မြေဆီလွှာပြုပြင်ပေးခြင်းနှင့် ရွှေခရုအန္တရာယ်ကျရောက်မှု နည်းသွားနိုင်သည့် အကျိုးကျေးဇူး (၂)ခုရရှိနိုင်ကြောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် ခရိုင်သီးနှံကာကွယ်ရေး တာဝန်ခံ ဒေါ်ဥမ္မာအေးက သီးနှံများအထွက်တိုးစေရန်နှင့် ပိုးမွှားကျရောက်မှုမှ ကာကွယ်နိုင်ရန် နည်းလမ်းများအား ဆွေးနွေးဟောပြောခဲ့ကြကြောင်း သိရသည်။

 

ဘိုကလေး(ပြန်/ဆက်)

 

2