ပူတာအို ၁၄ ဇူလိုင်
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်အုပ်ချုပ်ရေးမှူး၏ လမ်းညွှန်မှုဖြင့် လယ်ယာမြေဥပဒေနှင့် မြေလွတ်မြေရိုင်းဥပဒေများ အသိပညာပေးဟောပြောပွဲကို ဇူလိုင်(၁၄)ရက်က ပူတာအိုမြို့ ကောင်ကထောင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ဟောပြောပွဲတွင် ကောင်ကထောင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးခရီးဇီရင်ထန်က လယ်ယာမြေဥပဒေနှင့် မြေလွတ်မြေရိုင်းဥပဒေ၊ နည်းဥပဒေ အသိပညာပေး ဟောပြောပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန လက်ထောက်ဦးစီးမှူး ဦးဆရဲမနမ်းက ပြဋ္ဌာန်းထားသည့် ဥပဒေနှင့်အညီ ပုံစံ(၇)လျှောက်ထားရမည့်နည်းလမ်းများ၊ ပုံစံ(၇)ရရှိထားသည့် တောင်သူလယ်သမားများအနေဖြင့် ရရှိမည့် အခွင့်အရေးများ၊ လယ်ယာမြေငှါးရမ်းခြင်း၊ ပေါင်နှံခြင်း၊ ပေးကမ်းခြင်း၊ ရောင်းဝယ်ခြင်းဥပဒေများနှင့် ၂၀၁၈-ခုနှစ် ပြင်ဆင်ပြဋ္ဌာန်းထားသည့် မြေလွတ်မြေရိုင်းဥပဒေ၊ နည်းဥပဒေများကို အကျယ်တဝင့် အသိပညာပေး ဟောပြောသည်။
ဆက်လက်၍ တက်ရောက်လာသည့် တောင်သူလယ်သမားများက လယ်ယာမြေဥပဒေ၊ မြေလွတ်မြေရိုင်းဥပဒေ၊ အိမ်ခြံမြေရောင်းဝယ်ပေါင်နှံခြင်း၊ မြို့မြေငှါးဂရမ်နှင့် ပတ်သက်၍ သိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းဦးစီးဌာန လက်ထောက်ဦးစီးမှူးက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြောင်း သိရသည်။
ဖုန်ကန်(ပူတာအို)


