စစ်ကိုင်း ၁၄ ဇူလိုင်

 

စစ်ကိုင်းမြို့ပြဖွံ့ဖြိုးရေးအတွက် ပြည်သူများ ပူးပေါင်းပါဝင်မှုဖြင့် လမ်းလယ် Double Arm လျှပ်စစ်မီးတိုင်များ စိုက်ထူမှုကို လာမည့်စက်တင်ဘာလကုန်တွင် အပြီး စိုက်ထူမည်ဖြစ်ကြောင်း စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

 

စစ်ကိုင်းမြို့၏ အဓိကလမ်းမကြီးဖြစ်သော မန္တလေး- မုံရွာ- ရွှေဘိုလမ်းအပိုင်းတွင် ပါဝင်သည့် အိုးဘိုအသင်္ခယာစောယွန်းအဝိုင်းမှ တောင်ဘက်ဗိုလ်ချုပ်အောင်ဆန်းပန်းခြံ၊ ထိုမှ  မြို့မဈေးကြီးလမ်းဆုံ- မင်းလမ်းရပ် လမ်းမကြီး အဆုံအထိ လမ်းလယ် Double Arm လျှပ်စစ်မီးတိုင် ၇၈တိုင် စိုက်ထူသွားမည်ဖြစ်ရာ လက်ရှိတွင် စိုက်ထူမှုလုပ်ငန်းများကို ယခုလ ၁၂ ရက်နေ့မှစတင်၍ ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

 

''အလင်းရောင်နှစ်ဖက်ရ လျှပ်စစ်မီးတိုင် စုစုပေါင်း ၇၈ တိုင် စိုက်ထူပါမယ်။ တစ်တိုင်ကို ကျပ် ၁၀ သိန်းနှုန်းနဲ့ ၇၈ တိုင်အတွက် သိန်း ၇၈၀ကို ပြည်သူထည့်ဝင်ငွေများနဲ့ ဆောင်ရွက်တာဖြစ်ပါတယ်။ တိုင်းဒေသကြီးအစိုးရ ထောက်ပံ့ငွေ ကျပ်သိန်း ၇၈၀နဲ့လည်း လမ်းလယ်ကပ်တုံးနဲ့ လျှပ်စစ်မီးသွယ်တန်းရေး လုပ်ငန်းတွေပါ ဆောင်ရွက်နေပါတယ်။ လုပ်ငန်းတစ်ခုလုံးကို စက်တင်ဘာလ အပြီးဆောင်ရွက်မှာပါ။ အခု အာဇာနည်နေ့မတိုင်မီ အိုးဘိုအဝိုင်းကြီးကနေ ဗိုလ်ချုပ်ပန်းခြံအထိ လျှပ်စစ်မီးတိုင် ၁၇တိုင်ကို အပြီးစိုက်ထူ မီးလင်းစေပါမယ် "ဟု စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးဝင်းနိုင်က ပြောသည်။

 

လက်ရှိတွင် အိုးဘိုအသင်္ခယာစောယွန်းအဝိုင်းမှ တောင်ဘက်ဗိုလ်ချုပ်အောင်ဆန်းပန်းခြံ အထိ လမ်းလယ်လျှပ်စစ်မီးတိုင် ၁၇တိုင်စိုက်ထူပြီးဖြစ်ပြီး လမ်းလယ်ကပ်တုံးများနှင့် မီးကြိုးသွယ်တန်းနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ဆက်လက်စိုက်ထူမည့်နေရာဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းပန်းခြံ အရှေ့ဘက်မှ ကျော်ထက်ကွေ့လမ်းဆုံအထိနေရာအား ပေ ၅၀ အကျယ်ရှိရန် လမ်းတိုးချဲ့ ဖောက်လုပ်ခြင်းနှင့်အတူ လမ်းခင်းလုပ်ငန်းများကိုပါ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။  


  
စစ်ကိုင်းမြို့၊ မြို့အင်္ဂါရပ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်ရေး၊ သာယာလှပရေးနှင့် ပြည်သူလူထုများ ဘေးအန္တရာယ်ကင်းစွာ သွားလာနိုင်ရေးအတွက် ရည်ရွယ်၍ LED လျှပ်စစ်မီးတိုင်များ စိုက်ထူရခြင်းဖြစ်ပြီး ထိုသို့LED လျှပ်စစ်မီးတိုင်များ စိုက်ထူရေးလုပ်ငန်းတွင် စေတနာရှင်၊ အလှူရှင်များ အနေဖြင့် ပါဝင်လှူဒါန်းလိုပါက လျှပ်စစ်မီးတိုင်တစ်တိုင်လျှင် ငွေကျပ် ၁၀ သိန်းကျပ်နှုန်းဖြင့် စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေးကော်မတီထံသို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

 

ခိုင်ဇေယျ (075)