မန္တလေး ၁၄ ဇူလိုင်
မန္တလေးပဲဈေးကွက်သို့ ယခုရက်ပိုင်းအတွင်း တရုတ်နိုင်ငံမှ တင်သွင်းလာသည့် စားတော်ပဲများ အလုံးအရင်းဖြင့် ဝင်ရောက်မှုရှိလာသဖြင့် ပြည်တွင်းတောင်သူများနှင့် ကုန်သည်များ အခက်အခဲဖြစ်ပေါ်ကြုံတွေ့နေရကြောင်း မန္တလေးပဲကုန်သည်များက ပြောဆိုသည်။
အဆိုပါ စားတော်ပဲကို ပြည်တွင်းစားသုံးရန်အတွက်သာ မန္တလေး၊ စစ်ကိုင်းနှင့် ကချင်ပြည်နယ်တို့တွင် သီတင်းကျွတ်၊ တန်ဆောင်မုန်း လများတွင် စိုက်ပျိုးကာ တပို့တွဲ၊ တပေါင်းလများတွင် ရိတ်သိမ်းထွက်ရှိပြီး တစ်နှစ်တွင် တစ်ရာသီသာ စိုက်ပျိုးကြကာ လက်ရှိတွင် ပြည်တွင်းစားသုံးမှုအတွက် ဖူလုံစွာထွက်ရှိနေကြောင်း သိရသည်။
" ဒီစားတော်ပဲကို ပြီးခဲ့တဲ့လပိုင်းက ပြည်ပကနေ တန်ချိန် ၅ သောင်း တရားဝင် တင်သွင်းမယ်ဆိုတဲ့ အသံကြားလို့ တောင်သူနဲ့ ကုန်သည်တွေ လှုပ်လှုပ်ရှားရှားဖြစ်ကြပြီး အညာဘက်က ကုန်စည်ဒိုင်အသင်းတွေက သက်ဆိုင်ရာဌာနတွေကို မတင်သွင်းဖို့ တင်ပြခဲ့ကြသေးတယ်။ ဒီလိုအခြေနေမှာပါ တရုတ်စားတော်ပဲတွေက အလုံးအရင်းနဲ့ မန္တလေးဈေးကွက်ထဲကို ဝင်ရောက်လာပါတယ်။ ဒီလိုဝင်လာတဲ့အတွက် အဓိကနစ်နာတာကတော့ တောင်သူတွေပါပဲ။ ဘာကြောင့်လည်းဆိုတော့ မန္တလေး ပဲခွဲစက်တွေမှာ ဒီစားတော်ပဲကို ကုလားပဲအစားထိုးအဖြစ် ကြိတ်ခွဲရောင်းချနေကြတာပါ။ အခုလိုဝင်လာတဲ့အတွက် ကုလားပဲဈေးက တက်သင့်သလောက် မတက်တော့ဘဲ စားတော်ပဲစိုက်တောင်သူတွေသာမက ကုလားပဲစိုက်တောင်သူတွေပါ ထိခိုက်နစ်နာမှုတွေနဲ့ ကြုံတွေ့နေရပါတယ်" ဟု မန္တလေးမြို့မှ ဦးစိုးဝင်း မြင့် (စိုးဝင်းမြင့်ပွဲရုံ)က ပြောပြသည်။
လက်ရှိတွင် ပြည်တွင်းစားသုံးမှု ဖူလုံနေသည့်အတွက် အဆိုပါ စားတော်ပဲအား မြန်မာငွေကျပ်စိုက်ထုတ်သုံးစွဲ၍ ပြည်ပမှ ဝယ်ယူစားသုံးရန်မလိုအပ်ကြောင်းနှင့် ယခုကဲ့သို့တင်သွင်းလာမှုအပေါ် နိုင်ငံတော်မှအခွန်ငွေရရှိခြင်းရှိမရှိ မသိနိုင်သော်လည်း ပြည်တွင်းတောင်သူများ နှင့် ကုန်သည်များအနေဖြင့် လောလောဆယ် ထိခိုက်နစ်နာမှုများရှိနေကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။
လက်ရှိ မန္တလေးပဲဈေးကွက်တွင် တရုတ်စားတော်ပဲမှာ သုံးတင်းဝင် တစ်အိတ်လျင် ၇၈၀ဝ၀ နှုန်းဖြင့် လည်းကောင်း၊ မြန်မာစားတော်ပဲ (ထိပ်စ)မှာ ၉၀ဝ၀ဝ ကျပ်နှုန်းဖြင့်လည်းကောင်း၊ အရောင်းအဝယ်ဖြစ်လျက်ရှိပြီး၊ ယခင်ရက်ပိုင်းက သုံးတင်းဝင်တစ်အိတ်လျင် ငွေ ကျပ် ၈၅၀ဝ၀ နှုန်းအထိ ဈေးရောက်ရှိခဲ့သော ကုလားပဲမှာ တရုတ်စားတော်ပဲများ ဝင်လာမှုကြောင့် ငွေကျပ် ၈၀ဝ၀ဝ နှုန်းအထိကျဆင်းနေကြောင်း သိရသည်။
အောင်ဖြိုးကျော်


