မြိတ် ၁၄ ဇူလိုင်
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိ သည့် နိုင်ငံသားများအားလုံး မဲပေးခွင့်မဆုံးရှုံးစေရေးအတွက် တိကျမှန်ကန်သော မဲဆန္ဒစာရင်းရရှိရန် ရည်ရွယ်ချက်ဖြင့် ပုလဲရတနာခန်းမတွင် လူဦးရေစာရင်းအချက်အလက်များ ကောက်ယူပြုစုခြင်းနှင့် အခြေခံမဲဆန္ဒရှင် စာရင်းဆိုင်ရာ ဆင့်ပွားသင်တန်းကို (၂)ရက်ကြာဖွင့်လှစ် သင်ကြားပေးလျက်ရှိသည်။
မြိတ်မြို့နယ်တွင် ရပ်ကွက်(၁၂)ရပ်ကွက်၊ ကျေးရွာအုပ်စု(၂၂)အုပ်စုရှိပြီး မဲဆန္ဒနယ်အမှတ်(၁)နှင့်မဲဆန္ဒ နယ်အမှတ်(၂)ရှိရာ ရပ်ကွက်/ကျေးရွာ စာရင်းကောက်ယူရေးလုပ်ငန်းအဖွဲ့ တစ်ဖွဲ့မှ(၆)ဦးစီ စုစုပေါင်း(၂၀၄)ဦး နှင့် မြိတ်မြို့နယ်အတွင်းရှိ မဲရုံစုစုပေါင်း(၂၂၉)ရုံမှ မဲရုံတစ်ရုံ(၃)ဦးစီ စုစုပေါင်း(၆၈၇)ဦးတို့အား မဲဆန္ဒနယ် အမှတ်(၁)တွင်ပါဝင်သည့် မဲရုံများနှင့်ရပ်ကွက်/ကျေးရွာများကို ဇူလိုင်(၁၃)ရက်နှင့် မဲဆန္ဒနယ် အမှတ်(၂) တွင်ပါဝင်သည့် မဲရုံများနှင့်ရပ်ကွက်/ကျေးရွာများကို ဇူလိုင်(၁၄)ရက်တို့တွင် သင်တန်းပေးလျက်ရှိသည်။
လူဦးရေစာရင်းအချက်အလက်များ ကောက်ယူပြုစုခြင်းလုပ်ငန်းကို ဇွန်လမှ သြဂုတ်လအတွင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး ကောက်ယူပြုစုပြီးစီးသည့် လူဦးရေစာရင်းနှင့် အချက်အလက်များကို သက်ဆိုင်ရာရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲသို့ ပေးပို့ရမည်ဖြစ်ပြီး အခြေခံမဲဆန္ဒရှင် စာရင်းလုပ်ငန်းကို စက်တင်ဘာလတွင် ဆောင်ရွက်သွားမည်ဖြစ်ကာ ဆောင်ရွက်ပြီးစီးမှုကို သက်ဆိုင်ရာရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲသို့ ပေးပို့ရမည် ဖြစ်ကြောင်း သင်တန်းကြီးကြပ်ရေးအဖွဲ့မှ သိရသည်။
ဆင့်ပွားသင်တန်းတွင် အခြေခံလူဦးရေစာရင်းကောက်ယူရေးနှင့် အုပ်ချုပ်/ထောက်ပံ့လုပ်ငန်းများ ကို ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်သန်းကလည်းကောင်း၊ ပြောင်းရွေ့နေထိုင်သူများကို ယာယီအိမ် ထောင်စုစာရင်း ထုတ်ပေးခြင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းများကို လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာန မြို့နယ်ဦးစီးဌာနမှူး ဦးခင်လတ်က လည်းကောင်း၊ လူဦးရေစာရင်း အချက်အလက်များ ကောက်ယူခြင်းလုပ်ငန်းကို မြို့နယ်ရွေးကောက်ပွဲအရာရှိ ဒေါ်ဥမ္မာဖြိုးက လည်းကောင်း သင်ကြားပေးလျက်ရှိသည်။ သင်တန်းကို ဒုတိယမြိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးရည်မွန်က အမှာစကားပြောကြား၍ ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
ခိုင်ထူး ( မြိတ် ပြန်/ဆက် )


