နေပြည်တော် ၁၄ ဇူလိုင်
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် ယနေ့ မွန်းလွဲပိုင်းတွင် မြန်မာ့ရုပ်မြင်သံကြားက လွှတ်တော်ရုပ်သံလိုင်းများ ထုတ်လွှင့်နိုင် ရေးအတွက် ရိုက်ကူးမှု၊ ပေးပို့မှုနှင့် ထုတ်လွှင့်မှုဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နေမှု နှင့် စက်ပစ္စည်းများ တပ်ဆင်ထားရှိမှု အခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ပြည်ထောင်စုဝန်ကြီးသည် ဒုတိယဝန်ကြီး ဦးအောင်လှထွန်းနှင့် တာဝန်ရှိသူ များနှင့်အတူ မွန်းလွဲ ၂ နာရီတွင် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမရှိ ရုပ်သံထိန်းချုပ်ခန်းသို့ ရောက်ရှိရာ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်နှင့် မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားမှ တာဝန်ရှိသူများက လွှတ်တော်အစည်းအဝေးများ ကျင်းပနေ စဉ်အတွင်း လွှတ်တော်ရုပ်သံလိုင်းများ တိုက်ရိုက်ထုတ်လွှင့်နိုင်ရေးအတွက် ရိုက်ကူးမှု၊ ပေးပို့မှုနှင့် ထုတ်လွှင့်မှုဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နေမှု၊ စက်ပစ္စည်များ တပ်ဆင် ထားရှိမှု၊ အသုံးပြုလျက်ရှိသည့် နည်းစနစ်များနှင့် ချိတ်ဆက်ဆောင်ရွက်မှုအခြေအနေ ကိုလည်းကောင်း၊ ချို့ယွင်းမှုနှင့် အခက်အခဲများ ဖြစ်ပေါ်ပါက အရန်စနစ် ထားရှိဆောင် ရွက်နေမှု အခြေအနေကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့ရှိ ရုပ်သံထိန်းချုပ်ခန်းများနှင့် Information and Communications Technology (ICT) ဌာနတို့ကို လှည့်လည်ကြည့်ရှုသည်။
ထို့အတူ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပြည်သူ့လွှတ်တော်ရှိ ပြည်တွင်း ပြည်ပ သတင်းမီဒီယာများ သတင်းရယူရန် သတ်မှတ်စီစဉ်ပေးထားသည့် Media Corner ကိုလည်း လှည့်လည်ကြည့်ရှုခဲ့သည်။
(သတင်းစဉ်)


