ရန်ကုန် ၁၄ ဇူလိုင်
ပြင်သစ်နိုင်ငံအမျိုးသားနေ့ အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားကို ယနေ့ ည ၇ နာရီတွင် Novotel Yangon Max ဟိုတယ်၌ ကျင်းပရာ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်နှင့် ဇနီးတို့တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သီချင်းနှင့် ပြင်သစ်နိုင်ငံတော် သီချင်းများဖွင့်လှစ်ပြီး အခမ်းအနားကို စတင်ဖွင့်လှစ်သည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်နိုင်ငံ သံအမတ်ကြီး Mr. Christian Lechervy နှင့် ပြည်ထောင်စုဝန်ကြီးဦးအုန်းမောင်တို့က ပြင်သစ်နိုင်ငံ၏ အမျိုးသားနေ့ အထိမ်းအမှတ် နှုတ်ခွန်းဆက်စကား ပြောကြားကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ ပြင်သစ်သံအမတ်ကြီးနှင့် ဇနီးတို့က တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ထို့နောက် သံအမတ်ကြီးနှင့်ဇနီးတို့ကဧည့်ခံပွဲသို့ တက်ရောက်လာကြသူများအား ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။
အဆိုပါ အခမ်းအနားသို့ ရန်ကုန်မြို့ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံး ယာယီတာဝန်ခံများ၊ ကုလသမဂ္ဂဆိုင်ရာဌာနေကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
(သတင်းစဉ်)


