၁၅ ဇူလိုင်
ပင်လယ်ရေမျက်နှာပြင်အထက် ၇၇၆ ပေ၊ တောင်ခြေမြေပြင်အထက် ပေ ၅၀ဝ မြင့်သော မန္တလေးတောင်ကိုတောင်ကိုးလုံးပတ်ဝန်းရံသည်ဟု ရှေးစာဆို၏။ ၄င်းတောင်များမှာ ဆေးဒန်းတောင်၊ ဘီလူးမတောင်၊ ရွှေတောင်၊ ငွေတောင်၊ ပတ္တမြားတောင်၊ ဒုတ္တာတောင်၊ ကြေးနီတောင်၊ ရေလှည့်တောင်၊ မြင်းသီလာတောင်များဖြစ်သည်ဟုဆို၏။
မြန်မာမှုလက်ရာများကိုလည်း တစုတဝေး ကြည့်ရှုနိုင်သောနေရာ
မန္တလေးတောင်သည် မြို့ပြကြီးအတွင်း တည်ရှိနေသော်လည်း သဘာဝပတ်ဝန်းကျင်က ကျုံးရေ၊ စိမ့်စမ်း၊ သစ်ရိပ်၊ ဝါးရိပ်၊ တောတောင်လျှိုမြောင်ဖြင့် လှချင်တိုင်းလှနေပါသည်။ ထို့ပြင် ပန်းရံ၊ ပန်းတဉ်း၊ ပန်းပု၊ ပန်းတမော့ စသော ရိုးရာမြန်မာမှုလက်ရာများကိုလည်း တစုတဝေး ကြည့်ရှုနိုင်သောနေရာလည်း ဖြစ်နေပါသည်။ ထို့ကြောင့် ရှေးကာလမှသည် ယနေ့ထက်တိုင်မန္တလေးတောင်ကို ခံစားရေးခြယ်ကြသည့် ပန်းချီကားပေါင်းလည်း မနည်းပင်ရှိနေချေ၏။ ထို့ပြင် မန္တလေးတောင်ကို တက်ရာ၌လည်း စောင်းတန်းလေးသွယ်ရှိသောကြောင့် မည်သည့်စောင်းတန်းမှ တက်သည်ဖြစ်စေ သဘာဝရှုခင်းရှုကွက်များက မတူမထပ်စေရဘဲခံစားနိုင်သည်လည်း ဖြစ်သည်။
မန္တလေးဘက်မှလာလျှင် ပထမဆုံး ဦးတိုက်ရာတောင်တော်၏ တောင်ဘက်မျက်နှာတွင်ပင် စောင်းတန်းနှစ်သွယ် ရှိပါသည်။ ကြီးမားခံ့ထည်လှသော အုတ်အင်္ဂတေ ခြင်္သေ့ကြီးနှစ်ကောင် တည်ထားသည့်စောင်းတန်းမှတက်လျှင် သံတန်စောင်းပြာသာဒ်အခန်းပေါင်း ၃၅၆ ခန်းရှိပြီး အောက်ခြေတော်ရာ အထက်ခြေတော်ရာ နှင့် ပြည်လုံးချမ်းသာ ရပ်တော်မူဘုရားကြီးများကို စတင်ဖူးရပါသည်။ ရပ်တော်မူဘုရားကြီးကို ရွှေရပ်တော်ဟုလည်းခေါ်ကြပြီး ဘုရားကြီး၏ ဂန္ဓကုဋိပတ်လည်တွင် မန္တလေးပန်းချီကျော် ဦးစောမောင်၏ နိပါတ်တော် ပန်းချီကားများ ရှိပါ၏။ ထို့နောက်စိုင်တမော့၊ ဗျာဒိတ်ပေး၊ ဦးခန္ဓီဇရပ်မှသည် နှစ်ကျိပ်ရှစ်ဆူဘုရား၊ အရုဏ်ခံဘုရား၊ ခြင်္သေ့မင်း၊ ဆင်မင်း၊ ဆတ်မင်း၊ ကြက်မင်း၊ ငုံးမင်းဘုရားများ။ ထို့နောက်စန္ဒမုခိစေတီမှလည်း ဆုတောင်းပြည့်ဘုရားသို့ ဖူးမြော်နိုင်၏။
မန္တလေးဘိုးဘိုးကြီးနတ်နန်း တည်ရှိသော
မန္တလေးဘိုးဘိုးကြီးနတ်နန်း တည်ရှိသော အရှေ့ဘက်စောင်းတန်းမှတက်လျှင်မူ အတိုဆုံးဖြစ်ပြီး အခန်းပေါင်း ၂၅၀ ရှိပါသည်။ ဘိုးဘိုးကြီးနတ်နန်းမှဓာတ်တော်တိုက်၊ ထိုမှ ဆုတောင်းရဘုရား၊ ပြည်တော်အေးဘုရား၊ ဗျာဒိတ်ပေး၊ နဂါးရုံ၊ ဦးခန္ဒီဇရပ်မှတစ်ဆင့်ဆုတောင်းပြည့်ရင်ပြင်သို့ တက်ရောက်နိုင်၏။ ဤစောင်းတန်းနှစ်သွယ်မှာ ယခင်ကတည်းက လူအတက်များသည့် စောင်းတန်းများဖြစ်ပါသည်။
သစ်ဆိမ့်တိုက်ဘက်မှ တက်သော အနောက်ဘက်စောင်းတန်းမှာမူ ရှေးလက်ရာ အုတ်ခြင်္သေ့ဟောင်းကြီး နှစ်စီးရှိပြီး ပန်းချီဆရာ၊ ဓာတ်ပုံဆရာများ မျက်စိကျလှသော ခြင်္သေ့ကြီးများဖြစ်ကြသည်။ ယခုအခါ ထိုခြင်္သေ့ကြီးများအား အသစ်ပြန်လည် ပြုပြင်ထားသည်ကို မြင်တွေ့ရ၏။ အနောက်ဘက်စောင်းတန်းသည်ဒုတိယအရှည်ဆုံးစောင်းတန်းဖြစ်ပြီး အခန်းပေါင်း ၃၈၁ ခန်း ရှိပါသည်။ အနောက်ဘက်စောင်းတန်းသည်ဆုတောင်းပြည့်စေတီသို့ တောက်လျှောက် တက်ရောက်နိုင်၏။ ကြားတွင် တစ်ဝက်တစ်ဝဂူဘုရားတစ်ဆူရှိပါသည်။ စောင်းတန်းလေးသွယ်အနက် အရှည်ဆုံးစောင်းတန်းမှာ မြောက်ဘက်စောင်းတန်းဖြစ်ပြီး အခန်းပေါင်း ၉၄၂ ခန်း ရှိပါသည်။ မြောက်ဘက်ရွှေကျင်ဂိတ်ဘက် စောင်းတန်းဦးတွင် မရွှေဥနတ်နန်း ရှိပါသည်။
သဘာဝရှုမျှော်ခင်းများ ကြည့်ရှုခြင်းအတွက်သာမက
လောတော်အမြင့်ရှိသော မန္တလေးတောင်ကိုအဆင်သင့်ပြုလုပ်ထားသော အုတ်လှေကားများအတိုင်း စောင်းတန်းလေးသွယ်မှ တက်နိုင်ရန် စီစဉ်ထားခြင်းသည် ဘုရားဖူးခြင်း၊ သဘာဝရှုမျှော်ခင်းများ ကြည့်ရှုခြင်းအတွက်သာမက ကျန်းမာရေးအတွက်အလွန်ကောင်းမွန်သော အစီအစဉ်ဖြစ်ပါသည်။ ယခုအခါ တောင်တက်တောင်ဆင်း ကားလမ်းကိုဖောက်လုပ်ထားပြန်သဖြင့် ထိုတောင်တက်ကားလမ်းများအတိုင်း ခြေကျင်တောင်တက်တောင်ဆင်းကိုနေ့စဉ်ဝတ်မပျက် ဆောင်ရွက်နေကြသူများကိုလည်း တွေ့ရပါ၏။
တကယ်တော့ မန္တလေးတောင်သည် ဘာသာရေး၊ ယဉ်ကျေးမှုတွင်သာမက လူမှုရေး၊ ကျန်းမာရေးများ အတွက်ပင် အထောက်အကူပေးနေသော အဖိုးတန်နေရာဌာန ဖြစ်ပေသည်။ ဤသို့သော အမွေအနှစ်နေရာတွင် စီးပွားရေးတစ်မျက်နှာဖြင့် သဘာဝပတ်ဝန်းကျင်ပျက်စီးစေသော၊ ယဉ်ကျေးမှုပျက်သုန်းစေသော၊ ဘာသာရေးနှင့် မလျှော်ကန်လှသော ပြုဖွယ်ကိစ္စအလုံးစုံကို မပြုလုပ်မိကြရန် ရှောင်ရှားကြရန်လည်း လိုအပ်လှပေ၏။
ဗုဒ္ဓဝင်ပြတိုက် ပန်းဆယ်မျိုးပြတိုက်ကြီးအသွင်
ထို့ပြင်တစ်ဝ မ္တလေးတောင်တော်သို့ ဘုရားဖူးကြမည်ဆိုပါက ကားဖြင့် အလျင်အမြန်တက် ြွေမကြီး နှစ်ကောင်ကြည့်၊ ဆုတောင်းပြည့်ဘုရားကို ပုဆိန်ပေါက်ရှိခိုး၊ ရင်ပြင်တော်ပေါ်ဓာတ်ပုံရိုက် အပြေးအလွှား ပြန်ဆင်းခြင်းမပြုကြဘဲ ခြင်္သေ့ကြီးနှစ်ကောင်စောင်းတန်းမှတက်ကာ စောင်းတန်းတစ်လျှောက်ရှိစေတီပုထိုး ပန်းဆယ်မျိုးအနုပညာ သဘာဝရှုခင်းအဖုံဖုံကို ဖူးမြော်ကြည်ညို ကြည့်ရှုခံစားရင်း ဘုရားဖူးဖော်များနှင့် မေးမေးမြန်းမြန်း ဆွေးဆွေးနွေးနွေး တက်ရောက်သင့်သည်။ မန္တလေးတောင်ကို ရသေ့ကြီးဦးခန္ဒီက ဗုဒ္ဓဝင်ပြတိုက် ပန်းဆယ်မျိုးပြတိုက်ကြီးအသွင်ဖန်ဆင်းခဲ့သည် မဟုတ်ပါလား။ ၁၉၉၀ ကျော်ကာလက တောင်တက်ကားလမ်း ဖောက်လိုက်တော့ သက်ကြီးရွယ်အိုများအတွက် တောင်ထိပ်သို့ လွယ်လင့်တကူတက်ရောက်နိုင်ကြသကဲ့သို့ ဘုရားဖူးအများစုကလည်း ကားလမ်းမှပင် မော်တော်ယာဉ်ဖြင့် လွယ်လင့်တကူတက်ရောက်ခဲ့ကြတော့သည်။
ကွန်ကရစ်တောဖြင့် နယ်ချဲ့ဖုံးလွှမ်း အကျည်းတန်မှ
ဤသို့ မော်တော်ယာဉ်များဖြင့်သာ အချိန်တိုတွင်း တောင်ထိပ်သို့ တက်ရောက်ကြကာ နေဝင်ချိန်ကိုကြည့်ရှုရန်သာ အလေးထားကြသောကြောင့် ယခင်ကလို စောင်းတန်းမှတက်ရောက်ပြီး သမိုင်းကိုလည်း နာယူ မြန်မာမှုကိုလည်း လေ့လာကာ လက်ဆင့်ကမ်းကြသည့် အစဉ်အလာလည်း ပျက်စီးဆုံးရှုံးခဲ့လေပြီ။ အခက်အခဲအမျိုးမျိုးကြားမှ စေတနာ၊ သဒ္ဒါ၊ လုံ့လ၊ ဝီရိယများ ဖြင့် အပတ်တကုတ်ကြိုးစားခဲ့သော ရသေ့ကြီးဦးခန္ဒီ၏ ရည်ရွယ်ချက်များလည်း ပျောက်လုလု ဖြစ်ရချေပြီ။ စောင်းတန်းများက တက်ရောက်သူ မရှိကြတော့၊ စောင်းတန်းများ၊ ဇရပ်များ၊ ဂန္ဓကုဋီတိုက်များ၊ သာသနိကအဆောက်အအုံများ၊ ပန်းဆယ်မျိုး အနုပညာလက်ရာများလည်း အညစ်အကြေးများ အမှိုက်သရိုက်များ စည်းမဲ့ကမ်းမဲ့ နေထိုင်မှုများဖြင့် ရုပ်ပျက်ဆင်းပျက်ဖြစ်ကာ ပျက်စီးဖို့အခြေအနေ ဖြစ်နေပြီ။ ယခုမှ မနည်းပြန်လည် ထိန်းသိမ်းပြုပြင်နေရသည်။ အထူးသဖြင့်တောင်ခြေအရပ်လေးမျက်နှာတွင် တိုးတက်များပြားလှသော ရိပ်သာကျောင်းတိုက်နှင့် အဆောက်အအုံများကိုတော့ တောင်တော်ပုံရိပ် မထိခိုက်စေဖို့ စနစ်တကျ စီမံခန့်ခွဲဖို့က လိုအပ်နေပါပြီ။ သို့မဟုတ်ပါက တောတောင်ရေမြေ ရေဝေရေလဲနှင့် အဖိုးတန် သဘာဝအလှများ ကြွယ်ဝသော မန္တလေးတောင်သည် ကွန်ကရစ်တောဖြင့်နယ်ချဲ့ဖုံးလွှမ်း အကျည်းတန်မှာ သေချာချေတော့မည်။
ဆူးငှက်