မကွေး ၁၃ ဇူလိုင်     


မကွေးတိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ဖွင့်လှစ်သည့် သတင်းရေးသား ထုတ်ပြန်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ပြီးမြောက်အောင်မြင်ခြင်း အခမ်းအနားကို ဇူလိုင် ၁၃ ရက်၊ မွန်းလွဲ ၃ နာရီက အဆိုပါ တိုင်းဒေသကြီးရုံးတွင် ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဦးစီးမှူး ဦးညွန့်နိုင် က တက်ရောက်ဆွေးနွေးခဲ့ကြသူများကို သင်တန်းဆင်း လက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။ 


အဆိုပါ သတင်းရေးသား ထုတ်ပြန်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ တိုင်းဒေသကြီး အတွင်းရှိ ခရိုင်နှင့် မြို့နယ်ရုံးတို့မှ ဓါတ်ပုံကျွမ်းကျင် - ၂ ဝန်ထမ်းများနှင့် ရုပ်သံကျွမ်းကျင် - ၃ ဝန်ထမ်းများ ၊ စုစုပေါင်း ဝန်ထမ်း ၃၄ ဦး တက်ရောက်ခဲ့ကြပြီး ဇူလိုင် ၈ ရက်နေ့မှ ၁၃ ရက်နေ့အထိ နေပြည်တော်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)နှင့် မြန်မာ့အလင်းသတင်းစာတိုက်ရှိ သင်တန်းနည်းပြဆရာများက ဝေါဟာရရှင်းလင်းချက်များ၊ မီဒီယာနှင့် သတင်းအချက် အလက်ဆိုင်ရာ သိနားလည်မှုများ၊ Online အသုံးပြု၍ သတင်းများထုတ်ပြန်ခြင်း၊ Social Media (လူမှုမီဒီယာ ဘာသာရပ်) များ၊ သတင်းလိုက်ခြင်း၊ သတင်းအရင်းအမြစ်ရှာဖွေခြင်း၊ သတင်းရေးသားခြင်း၊ သတင်းဆောင်းပါးရေးသား ခြင်း၊ သတင်းဓါတ်ပုံ ရိုက်ကူးနည်းများနှင့် သတင်းနှင့် ပတ်သက်သည့် ဆောင်ရန်ရှောင်ရန်အချက်များကို စာတွေ့လက်တွေ့ ဖွင့်လှစ်ပို့ချသင်ကြား ပေးခဲ့သည်။


အလုပ်ရုံဆွေးနွေးပွဲ ပိတ်သိမ်းခြင်းအခမ်းအနားတွင် မကွေးတိုင်းဒေသကြီးပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးညွန့်နိုင် က ဌာနအတွင်းရှိ ရုံးဝန်ထမ်းများအားလုံး သတင်းရေးသားထုတ်ပြန်ခြင်းဆိုင်ရာ နည်းစနစ်များကို ကျွမ်းကျင်မှုရှိလာစေရန်အတွက် ယခု အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး တက်ရောက်ပါဝင် ဆွေးနွေးခဲ့ကြသော ဝန်ထမ်းများအနေဖြင့် လုပ်ငန်းခွင်ပြန်လည်ဝင်ရောက် တာဝန်ထမ်းဆောင်ရာတွင် ဆွေးနွေးပွဲမှရရှိသည့် သင်ခန်းစာများကို လက်တွေ့အသုံးချ ကြိုးစားဆောင်ရွက်သွားကြစေလိုကြောင်း ရှင်းလင်းဆွေးနွေးမှာကြားကာ တက်ရောက်ပါဝင် ဆွေးနွေးခဲ့ကြသူများကို သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။  


ရဲဝင်းနိုင် (ညောင်ဦး)