မော်လမြိုင် ၁၅ ဇူလိုင်

 

မွန်ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနဝန်ကြီးအဖြစ် ပေါင်မြို့နယ်မဲဆန္ဒနယ်အမှတ် (၁)ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမင်းအောင်အား တာဝန်ထမ်းဆောင်ရန်အတွက် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံမှ အဆိုပြုအမည်စာရင်းတင်သွင်းခဲ့သဖြင့် ဇူလိုင် ၁၅ ရက်က ကျင်းပသည့် ဒုတိယအကြိမ် မွန်ပြည်နယ် လွှတ်တော်အရေးပေါ်အစည်းအဝေး (၂/၂၀၁၉)(ပထမနေ့)တွင် ကန့်ကွက်သူမရှိ အတည်ပြုခဲ့ကြောင်း သိရသည်။


မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ ပေးပို့လာသော နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၆၂၊ ပုဒ်မခွဲ(ခ)နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၈၊ ပုဒ်မခွဲ(ခ)တို့အရ ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီးအဖြစ် ခန့်အပ်သွားရန်အတွက် ဦးထွန်းမင်းအောင်အား အဆိုပြုအမည်စာရင်းတင်သွင်းခဲ့ပြီး မွန်ပြည်နယ်လွှတ်တော်ဥက္ကဌ ဒေါ်တင်အိမှ ကန့်ကွက်သူရှိပါသလား(သုံးကြိမ်)ဖြင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၏ သဘောထားမှတ်ချက်မေးမြန်းခဲ့ရာ ကန့်ကွက်သူမရှိသောကြောင့် ပြည်နယ်လွှတ်တော်မှ အတည်ပြုခဲ့ခြင်း ဖြစ်သည်။ 


အမည်စာရင်းတင်သွင်းခြင်းခံရထားသူ ဦးထွန်းမင်းအောင်မှာ ပေါင်မြို့နယ်မဲဆန္ဒနယ်အမှတ်(၁)ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်ပြီး မွန်ပြည်နယ်လွှတ်တော်တွင် တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီဥက္ကဌ၊ ပြည်နယ် အစိုးရအဖွဲ့၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီဥက္ကဌနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ်စောင့်ကြည့်ရေးကော်မတီအဖွဲ့ဝင်အဖြစ် ပူးတွဲတာဝန်ထမ်းဆောင်နေသူတစ်ဦးဖြစ်ကြောင်း သိရသည်။


ဦးထွန်းမင်းအောင်သည် အသက် ၄၃ နှစ်၊ မွန်လူမျိုး၊ ချောင်းဆုံမြို့နယ်၊ ဒရယ်ရွာဇာတိဖြစ်ပြီး B.Sc (Maths). Diploma In Hotel and Tourism English: Fellow: Deboer Fellowship For Leadership Programs ( Kansas,USA ) တို့ကို ရရှိထားသူတစ်ဦးဖြစ်ပြီး ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ပေါင်မြို့နယ်မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်လောင်းနေရာမှဝင်ရောက်ယှဉ်ပြိုင် အနိုင်ရရှိထားသော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ဖြစ်ကြောင်း သိရသည်။ 


ယခုကဲ့သို့ ဝန်ကြီးဌာနအသစ်တိုးချဲ့ဖွဲ့စည်းလိုက်သည့်အတွက် မွန်ပြည်နယ်အစိုးရအဖွဲ့တွင် ဝန်ကြီးဌာန( ၁၁ )ခု ရှိလာမည်ဖြစ်သည်။


ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်အရေးပေါ်အစည်းအဝေး(၂/၂၀၁၉)(ဒုတိယနေ့)ကို ဇူလိုင်လ ၁၈ ရက်နေ့ တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း ပြည်နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။


MDN