မန္တလေး ၁၅ ဇူလိုင်


မန္တလေးမြို့ ဖောင်တော်ဦးပရဟိတဘုန်းတော်ကြီးသင် ပညာရေး အထက်တန်းကျာင်းမှ အလယ်တန်းကျောင်းသား ၂၁ ဦးသည် ကမ္ဘောဒီယားနိုင်ငံတွင် ပြုလုပ်သော နိုင်ငံတကာသိပ္ပံပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။


မြန်မာနိုင်ငံ၌ လူစိတ်ဝင် စားမှုများသော ကိစ္စရပ်များကို သုတေသနပြုလုပ်ကာ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အဆိုပါပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန် ယနေ့ နံနက်ပိုင်းက စတင်ထွက်ခွာခဲ့ကြောင်းသိရသည်။


"မြန်မာနိုင်ငံမှာ လူစိတ်ဝင်စားမူများတဲ့ ကိစ္စတွေ ဥပမာ ပြီးခဲ့တဲ့နွေတုန်းက ရေပြတ်လတ်ခဲ့တာတွေကို တစ်ဖွဲ့က ခေါင်းစဉ်အဖြစ်ယူတယ်၊ ပရောဂျက်ကို ယူပြီးကတည်းက အဲ့နေရာကိုသွားတယ် အင်တာဗျူးတယ် ဆာဗေ ကောက်တယ်။ ပထမအကြိမ် ဒုတိယအကြိမ် ရလဒ်တွေထုတ်တယ် ၈ တန်း ကျောင်းသားတစ်ယောက် အနေနဲ့ ဘာလုပ်ပေးနိုင်လဲ ရှာတယ် ပရောဂျက်ကို သွားပြိုင်မယ်" ဟုကျောင်းသားများအား အနီးကပ်ကြီးကြပ်ညွှန်ကြားပေးသူ ဆရာမ မိုက်ကီသီရီထွန်းကပြောသည်။ 


နိုင်ငံတကာ သိပ္ပံပြိုင်ပွဲတွင် နိုင်ငံပေါင်း ၁၁ နိုင်ငံမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ယဉ်ကျေးမူ ဘာသာစကား အတွေ့ကြုံများ ဖလှယ်ခွင့်ရရှိမည်ဖြစ် ကြောင်းသိရသည်။ ယခုလို ပြိုင်ပွဲများကို  ၂၀၁၆ ခုနှစ်မှစတင်ကာ တရုတ်နိုင်ငံ၊ ဗီယန်နမ်နိုင်ငံများသို့ ယှဉ်ပြိုင်ခြင်းများ ပြုလုပ်ခဲ့ရာ ရွှေတံဆိပ် ရရှိမှုများလည်း ရှိကြောင်း သိရသည်။


"သင်ကြားနည်းစနစ်ကောင်းရင် ကလေးတွေကောင်းမှာပါ။ ဂျပန်ကဆရာ ဆရာမတွေက ပြောတယ် ကလေးတွေ ညံ့တာမဟုတ်ပါဘူး။ ဒီကျောင်းကို ၂၀ဝ၂ လောက်က စဖွင့်တယ်။ ရုပ်ပိုင်ဆိုင်ရာလက်တွေ့ သင်ကြားနည်းနဲ့ သွားတယ်။ ကလေးတွေကို အင်္ဂလိပ်စာနည်းမှန် လမ်းမှန်နဲ့ငယ်ငယ်ကတည်းက သင်ပေးစေချင်တယ်။ ကျောင်းမှာသူငယ်တန်းကနေ ၈တန်းထိ အင်္ဂလိပ်လိုပဲပြောကြရတယ်။ အခုကြီးကြပ်သူအဖြစ်နဲ့ လိုက်မည့်ကလေးတွေကလည်း ဒီက ကလေးတွေပဲ" ဟု နန်းရှေ့ ဖောင်တော်ဦးပရဟိတဘုန်းတော်ကြီးသင် ပညာရေးအထက်တန်းကျောင်း နိုင်ငံစွမ်းဆောင်ရည်ဆု ပြည်သူ့ဂုဏ် ရည်ဆုရ ဆရာတော် ဦးနာယက ကမိန့်ကြားသည်။ 


မန္တလေးမြို့ နန်းရှေ့ဖောင်တော်ပရဟိတဦးဘုန်းတော်ကြီးသင်ပညာရေး အထက်တန်းကျာင်းကို ၁၉၉၃ ခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀ဝ၀ ခုနှစ်တွင် တွဲဖက်အထက်တန်းကျောင်းအဖြစ် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ 


အိမို့မို့ခိုင်