မကွေး ၁၅ ဇူလိုင်
မကွေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ (၇၂)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ဇူလိုင်လ ၁၅ ရက် ယနေ့နံနက် ၉ နာရီခွဲက မကွေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါပြိုင်ပွဲတွင် မကွေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုဦးစီးမှူး ဒေါ်ခင် ဝင်းသိန်းက ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများနှင့် စာစီစာကုံးရေးသားရာတွင် ပါဝင်သင့်သော အချက် အလက်များအား ရှင်းလင်းပြောကြားပြီး အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲသို့ မကွေး မြို့နယ်အတွင်းရှိ မကွေးမြို့ပေါ်နှင့် ကျေးရွာအခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၄၆)ဦးက "၁၉ ဇူလိုင် မမေ့နိုင်"ခေါင်းစဉ်ဖြင့် ဝင်ရောက်ဖြေဆိုခဲ့ရာ ပြိုင်ပွဲဝင် ကျောင်းသား ကျောင်းသူများ၏ ဖြေဆိုနေမှုအား တိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးညွန့်နိုင် ကြည့်ရှုအားပေးခဲ့သည်။
ပြိုင်ပွဲအပြီးတွင် အာဇာနည်နေ့အထိမ်းအမှတ် ခင်းကျင်းပြသထားသော နံရံကပ်စာစောင်၊ ဗိုလ်ချူပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ အတ္ထုပ္ပတ္တိများ၊ မြန်မာ့လွတ်လပ်ရေးကြိုး ပမ်းမှု မှတ်တမ်းဓါတ်ပုံများ၊ ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းကောက်နုတ်ချက် စာစောင်များနှင့် နိုင်ငံတော်အစိုးရ၏ တိုင်းကျိုးပြည်ပြုလှုပ်ရှားဆောင်ရွက်မှုမှတ်တမ်း ဓါတ်ပုံများအား ဆရာ၊ဆရာမများ၊ ကျောင်းသားမိဘများနှင့် ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြ ကြောင်းနှင့် အဆိုပါပြိုင်ပွဲတွင် ဆုရရှိသူများအား ဇူလိုင်လ ၁၈ ရက်နေ့တွင် မကွေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဆုများချီးမြှင့်ပေးအပ် သွားမည်ဖြစ်ကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)


