ရန်ကုန် ၁၅ ဇူလိုင်
ထိုင်းနိုင်ငံတွင် ဇူလိုင် ၁၈ ရက်မှ ၂၈ ရက်အထိ ကျင်းပပြုလုပ်သည့် Thailand Open International Boxing Tournament 2019 သို့ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာလက်ဝှေ့ အားကစားအဖွဲ့အား လမ်းညွှန်အမှာစကားပြောကြားခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၃) နာရီက ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ ကျိုက္ကဆံအားကစားကွင်းရှိ အားကစားနှင့် ကာယပညာဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပြည်ပသို့သွားရောက်ယှဉ်ပြိုင်မည့် မြန်မာလက်ဝှေ့အားကစား အဖွဲ့ဝင်များက တစ်ဦးချင်း မိတ်ဆက်ဂါရဝပြုပြီး အသင်းအုပ်ချုပ်သူနှင့်နည်းပြများက ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က လမ်းညွှန်အားပေးစကားပြောကြားပြီး သွားရောက်ယှဉ်ပြိုင်ကြမည့် အဖွဲ့ခေါင်းဆောင်၊ အသင်း အုပ်ချုပ်သူ/နည်းပြ၊ အားကစားသမားများ နှုတ်ဆက်အားပေးသည်။
အဆိုပါ မြန်မာလက်ဝှေ့အားကစားအဖွဲ့တွင် အဖွဲ့ခေါင်းဆောင် (၁)ဦး၊ အုပ်ချုပ်သူ (၁)ဦး၊ နည်းပြ (၃)ဦး၊ အားကစားသမား(၇)ဦး၊ စုစုပေါင်း(၁၂)ဦး ပါဝင်ကြောင်း သိရသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်သည် အောင်ဆန်းအားကစား ပြိုင်ဝင်းရှိ မိုးလုံလေလုံအားကစားရုံတွင် မြန်မာနိုင်ငံရိုးရာခြင်းလုံး အဖွဲ့ချုပ်ဥက္ကဋ္ဌဖလား မိုးရာသီတံခွန်စိုက် မြန်မာ့ရိုးရာခြင်းလုံးဝိုင်း ဖွဲ့အမှတ်ခတ်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကို တက်ရောက်သည်။
ပြိုင်ပွဲအပြီးတွင် မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသက်လွင်က ပြိုင်ပွဲကျင်းပနိုင်ရေးအတွက် အလှူငွေများထည့်ဝင်ပေးခဲ့ကြသော ဒုတိယဥက္ကဋ္ဌများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။
ယင်းနောက် ဒုတိယဝန်ကြီးဒေါက်တာ မြလေးစိန်၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်၊ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးအောင်မိုး၊ မြန်မာနိုင်ငံရိုးရာ ခြင်းလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသက်လွင်၊ ဒုတိယဥက္ကဋ္ဌများနှင့် အမှုဆောင်များက အမျိုးသမီး (၄)ပေါက်တန်းပြိုင်ပွဲတွင် ပထမဆုရ One Two Two One အသင်း၊ ဒုတိယဆုရ ကျန်းမာသုခအသင်း၊ တတိယဆုရ ရွှေသဟာ(က)အသင်း၊ အမျိုးသား(၄)ပေါက်တန်းပြိုင်ပွဲတွင် ပထမဆုရ တက်သစ်စအသင်း၊ ဒုတိယဆုရ စိန်သရဖူ အသင်း၊ တတိယဆုရ ချစ်ကြည်ရေးအသင်း၊ အမျိုးသား(၆)ပေါက်တန်းပြိုင်ပွဲတွင် ပထမဆုရ မန်းစတားအသင်း၊ ဒုတိယဆုရ Top Star အသင်း၊ တတိယဆုရ ရွှေင်္ဟသာအသင်း၊ အမျိုးသား(၁၀)ပေါက်တန်းပြိုင်ပွဲတွင် ပထမဆုရ ဌေးရတနာအသင်း၊ ဒုတိယဆုရ One Two Two One အသင်း၊ တတိယဆုရ ကာကွယ်ရေးအသင်းတို့ကို တစ်ဦးချင်းဆုတံဆိပ်၊ ဆုဖလားနှင့် ငွေသားဆုများကို ပေးအပ်ချီးမြှင့်ကြသည်။
ပြိုင်ပွဲတွင် အမျိုးသမီး(၄)ပေါက်တန်းပြိုင်ပွဲ၌ အကောင်းဆုံးအားကစားသမားဆုရ ကျန်းမာသုခအသင်းမှ ကျောနံပါတ်(၁)မဝင့်ယမုံ၊ အမျိုးသား(၄)ပေါက်တန်းပြိုင်ပွဲ၌ အကောင်းဆုံး အားကစားသမားဆုရ တက်သစ်စအသင်းမှ ကျောနံပါတ်(၄)ထက်ပိုင်စိုး၊ အမျိုးသား(၆)ပေါက်တန်းပြိုင်ပွဲ၌ အကောင်းဆုံး အားကစားသမားဆုရ Top Star အသင်းမှ ကျောနံပါတ် (၁)ကိုကိုပိုင်၊ အမျိုးသား (၁၀)ပေါက်တန်းပြိုင်ပွဲ၌ အကောင်းဆုံး အားကစားသမားဆုရ ဌေးရတနာအသင်းမှ ကျောနံပါတ် (၂)အေးမင်းထွန်းနှင့် ပွဲစဉ်တစ်လျှောက် အကောင်းဆုံး အထောက်အဆယ်ဆုရရှိသော တက်သစ်စ အသင်းမှ ကျောနံပါတ် (၁) အောင်မင်းသိန်း တို့အား ဆုဖလားနှင့်အတူ ငွေသားဆုများ ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


