နေပြည်တော် ၁၅ ဇူလိုင်
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့တွင် ဒက္ခိဏသီရိ မဲဆန္ဒနယ်မှ ဦးသန့်ဇင်ထွန်းက ဒက္ခိဏသီရိမြို့နယ်ရှိ ဒေသခံတောင်သူများ၏ အမှန်တကယ် စိုက်ပျိုးထားရှိသည့် လယ်မြေများကို တရားဝင်စိုက်ပျိုးခွင့် အမြန်ရရှိရေး မည်သို့ဆောင်ရွက်ထားသည်ကို သိလိုခြင်းနှင့်စပ်လျဉ်း၍ မေးမြန်းခဲ့သည်။
အဆိုပါမေးခွန်းနှင့် စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဒုတိယဝန်ကြီး ဒေါက်တာ ရဲမြင့်ဆွေက လက်ရှိအခြေအနေတွင် တောင်သူလယ်သမားများ၏ စိုက်ပျိုးလယ်မြေများနှင့် ပတ်သက်၍ နေပြည်တော်ကောင်စီ ညှိနှိုင်းချက်များအရ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးသို့ ရောက်လာသည့် အမှုတွဲတစ်ခုချင်းစီ အလိုက်စိစစ်ပြီး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဒက္ခိဏသီရိမြို့နယ်အတွင်းမှ လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ်(ပုံစံ-၇)ထုတ်ပေးရန် ကျန်ရှိသော တောင်သူ ၆၃ ဦး၊ ဦးပိုင်ပေါင်း ၁၉ ခု၊ ဧရိယာပေါင်း ၆၈ ဧကအား ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်အတွင်း ထုတ်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာရပ်/ကျေး၊ မြို့နယ်၊ ခရိုင်လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့များမှ အစီအမံ ရေးဆွဲဆောင်ရွက်လျက်ရှိပါကြောင်း။
နေပြည်တော်နယ်မြေအတွင်း ၂၀၁၃ ခုနှစ်တွင် ကောက်ယူခဲ့သည့် စာရင်းများအရ အိမ်ခြေ ၅၀ နှင့် အထက် ပြည်ထဲရေးအမည်ပေါက်ကျေးရွာ ၄၉ ရွာ၏ရွာမြေ၊ လယ်မြေ၊ သာသနာမြေ၊ အများပိုင်မြေ စုစုပေါင်းဧရိယာ ၆၈၃၈.၄၉ ဧကကို သစ်တောမြေအဖြစ်မှ ပယ်ဖျက် ပေးခဲ့ပြီးဖြစ်ပါကြောင်းနှင့် ၂၀၁၃ ခုနှစ် စာရင်းကောက်ရန် ကျန်ရှိခဲ့သည့်အိမ်ခြေ ၅၀ နှင့်အထက် ပြည်ထဲရေးအမည်မပေါက်နှင့် အိမ်ခြေ ၅၀ အောက် ပြည်ထဲရေး အမည်မပေါက်ကျေးရွာများ၊ ပြန့်ကျဲအိမ်ထောင်စုနှင့် ပြင်ပကျူးကျော်များအတွက် သစ်တောမြေ အဖြစ်မှပယ်ဖျက်နိုင်ရန် နေပြည်တော်ကောင်စီမှ သဘောတူညီချက်ဖြင့် စိစစ်ဆောင်ရွက်ပေးသွားမည်ဖြစ်သည့်အတွက် တောင်သူများ အမှန်တကယ် စိုက်ပျိုးနေသည့် လယ်မြေဟာ သစ်တောနယ်မြေမှ ပယ်ဖျက်ရာတွင် ပါဝင်သွားမှာဖြစ်ပါကြောင်း၊
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အပြီးဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိဆက်စပ်မေးခွန်း မေးမြန်းရာ နေပြည်တော် ကောင်စီမှ Focal အနေနှင့် ပယ်ဖျက်ပေးရန် တင်ပြလာပါက ဝန်ကြီးဌာန အနေဖြင့်သစ်တောမြေတွင် ပါဝင်သည့် လယ်ယာမြေ၊ စိုက်ပျိုးမြေနှင့် လယ်မြေများအား စဉ်ဆက်မပြတ် ပယ်ဖျက်ပေးလျက် ရှိပါကြောင်း၊ထို့ကြောင့် နေပြည်တော်ကောင်စီနှင့် ပေါင်းစပ် ညှိနှိုင်းပြီးလျှင် အမြန်ဆုံးညှိနှိုင်းဆောင်ရွက်မည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
MDN
Photo Credit.ပြည်သူ့လွှတ်တော်