နေပြည်တော် ၁၅ ဇူလိုင်
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် သည် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Lee Sang-hwa နှင့် အဖွဲ့အား ယနေ့မွန်းလွဲ ၂ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဧည့်ခန်း မ-၁ ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာ - ကိုရီးယား နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကို မြှင့်တင် စေနိုင်မည့် နှစ်နိုင်ငံအကြား နားလည်မှုစာချွန်လွှာများဖြစ်သည့် Establishment of Korea Desk MoU နှင့် Korea –Myanmar Industrial and Trade Cooperation MoU များအား ဆောလျင်စွာ လက်မှတ်ရေးထိုးသွားနိုင်ရေး၊ နှစ်နိုင်ငံအကြား အစိုးရအချင်းချင်းသာမက ပြည်သူအချင်းချင်း ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်သွားနိုင်ရေးနှင့် နှစ်နိုင်ငံကုန်သွယ်မှု တိုးမြှင့်နိုင်မည့် အခွင့်အလမ်းကောင်းများအား ရှာဖွေသွားနိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
(သတင်းစဉ်)


