နေပြည်တော် ၁၅ ဇူလိုင်
World Youth Skills Day - WYSD အထိမ်းအမှတ် အစိုးရနည်းပညာ ကောလိပ်များ၊ အစိုးရ စက်မှုလက်မှုသိပ္ပံများနှင့် အစိုးရနည်းပညာ အထက်တန်း ကျောင်းများ၏ ကျွမ်းကျင်မှုစွမ်းရည်ပြိုင်ပွဲနှင့် Innovation Award ပြိုင်ပွဲကို ယနေ့ နံနက်ပိုင်းတွင် အစိုးရစက်မှုလက်မှုသိပ္ပံ(အင်းစိန်) ပင်မဆောင် စုဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် အစိုးရစက်မှုလက်မှုသိပ္ပံ (အင်းစိန်) ၌ UNESCO-UNEVOC Center ဖွင့်လှစ်ပြီး နှစ်စဉ် ဇူလိုင် (၁၅)ရက်တွင် World Youth Skills Day - WYSD အထိမ်းအမှတ်အဖြစ် အစိုးရနည်းပညာ ကောလိပ်များ၊ အစိုးရစက်မှုလက်မှု သိပ္ပံများနှင့် အစိုးရနည်းပညာအထက်တန်း ကျောင်းများအတွက် “ကျွမ်းကျင်မှုစွမ်းရည် ပြိုင်ပွဲနှင့် Innovation Award ပြိုင်ပွဲ” များကို ကျင်းပခဲ့ရာ ယခုတတိယအကြိမ်အဖြစ် ကျင်းပနိုင်ခဲ့ခြင်းဖြစ်ပါကြောင်း။
UNESCO-UNEVOC ဌာနချုပ်အနေဖြင့် နှစ်စဉ် ဇူလိုင် ၁၅ရက်ကို World Youth Skills Day အဖြစ် သတ်မှတ် ပြီး တစ်ကမ္ဘာလုံးရှိ UNESCO-UNEVOC Center ရှိသော နိုင်ငံများတွင် ညီလာခံများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ အလုပ်အကိုင် အခွင့်အလမ်း ဖော်ထုတ်ဆွေးနွေးပွဲများနှင့် စွမ်းဆောင်ရည်မြှင့်တင်မှုအစီအစဉ်များ စသဖြင့် ကျင်းပ ကြရန် တိုက်တွန်းပြောကြားထားပါကြောင်း။
၂၀၁၉ ခုနှစ်အတွက် World Youth Skills Day ၏ ဆောင်ပုဒ်သည် “Learning to learn for life and work” ဖြစ်ပြီး “ဘဝနှင့် အလုပ်အကိုင်တိုးတက်ဖို့ ကျွမ်းကျင်တတ်မြောက်အောင် သင်ယူစို့” ဖြစ်ပါကြောင်း၊ တစ်ကမ္ဘာလုံးရှိ UNESCO-UNEVOC Center ရှိသည့် နိုင်ငံပေါင်း(၅၀)ကျော်ရှိပြီး မြန်မာနိုင်ငံ အနေဖြင့်လည်း ၂၀၁၈ ခုနှစ် နိုဝင်ဘာတွင် အစိုးရစက်မှုလက်မှုသိပ္ပံ (အင်းစိန်)၌ စတင်ဖွင့် လှစ်နိုင်ခဲ့ပါကြောင်း၊ ယခုကဲ့သို့ UNESCO-UNEVOC Center ဖွင့်လှစ်နိုင်သည့် အတွက် နည်းပညာနှင့်သက်မွေး ပညာရေးနှင့် လေ့ကျင့်ရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ရာ တွင် ပိုမိုအကျိုးဖြစ်ထွန်းစေမည်ဖြစ်ပြီး UNEVOC ကွန်ရက်၏ အခြေခံစည်းမျဉ်း သတ်မှတ်ချက်များနှင့်အညီ ဒေသတွင်း UNESCO-UNEVOC Center ရှိသော အခြားနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ခြင်း၊ စွမ်းဆောင်ရည်မြှင့်တင်မှုအစီအစဉ် များနှင့် အတွေ့အကြုံဗဟုသုတများ မျှဝေဖလှယ်နိုင်သည့် အစီအစဉ်များ ပြုလုပ် ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း။
ကမ္ဘာ့လူငယ်များ ကျွမ်းကျင်ရေးနေ့(WYSD)ကို ကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ လူငယ်များအတွက် သင့်လျော်သည့် အလုပ်အကိုင်ရရှိနိုင်မှု အခွင့်အလမ်းကို တိုးမြှင့်ရန်အတွက် အရေးပါသည့် ကဏ္ဍတစ်ရပ်အနေဖြင့် ကျွမ်းကျင်မှုအရည်အသွေး ကို ထောက်ခံအားပေးရန်နှင့် ကမ္ဘာတစ်ဝန်းလုံးတွင် ယနေ့ခေတ် ရင်ဆိုင်ကြုံတွေ့နေရ သည့် စိန်ခေါ်မှုများ၊ အခက်အခဲများကို ဖြေရှင်းနိုင်ရန်အတွက် ကျွမ်းကျင်မှုအရည် အသွေးပြည့်ဝသည့် လူငယ်များ၏ အရေးပါသည့် အခန်းကဏ္ဍကို အလေးထား ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပါကြောင်း။
ယနေ့ကျင်းပပြုလုပ်သည့် ကျွမ်းကျင်မှုစွမ်းရည် ပြိုင်ပွဲများကို သက်ဆိုင်ရာ ဘာသာရပ်အလိုက် ခေါင်းစဉ်(၁၁)မျိုးဖြင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၀၄) ဦး၊ Innovation Award ပြိုင်ပွဲတွင် အစိုးရစက်မှုလက်မှုသိပ္ပံ (၉)ကျောင်းနှင့် အစိုးရ နည်းပညာ အထက်တန်းကျောင်း(၄)ကျောင်းတို့မှ စုစုပေါင်း Project(၁၃)ခု ပါဝင် ယှဉ်ပြိုင်ကြမည်ဖြစ်ပါကြောင်း။
ကျွမ်းကျင်မှုစွမ်းရည်ပြိုင်ပွဲများအတွက် သက်ဆိုင်ရာ ခေါင်းစဉ်အလိုက် အကောင်းဆုံး ဆုများနှင့် Innovation Award အတွက် Project အကောင်းဆုံး ပထမ၊ ဒုတိယ၊ တတိယဆုများကို ထိုက်ထိုက်တန်တန် ပေးအပ်ချီးမြှင့်သွားမည် ဖြစ်သည့်အတွက် မိမိတို့ ကိုယ်စွမ်း၊ ဉာဏ်စွမ်းဖြင့် အကောင်းဆုံး ကြိုးစားယှဉ်ပြိုင်ကြစေလိုကြောင်း၊ ယခုနှစ်က ရရှိလာမည့် အတွေ့အကြုံများ၊ ဗဟုသုတများ၊ ကျွမ်းကျင်မှုများကို အသုံးချပြီး နောင်လာမည့်နှစ်များတွင် ပိုမိုထူးချွန်ပြီး ကျွမ်းကျင်တတ်မြောက်မှု ရှိစေရန်နှင့် သက်ဆိုင်ရာ အထူးပြုနယ်ပယ် အလိုက် Project များကိုလည်း ယခုထက် ပို၍ ပါဝင်ယှဉ်ပြိုင်နိုင်ပြီး လူမှုစီးပွားဖွံ့ဖြိုးမှုကို အကျိုးပြုနိုင်သည့် Project များ ဖြစ်လာ စေရန် ကြိုးပမ်းဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းနှင့် ဆရာကြီး ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်တို့က အမှာစကားပြောကြားကြ သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် တာဝန်ရှိသူများ သည် ခင်းကျင်းပြသထားသည့် Innovation Award ပြိုင်ပွဲဝင် Project များအား လှည့်လည်ကြည့်ရှုကြသည်။
ကျွမ်းကျင်မှုစွမ်းရည်ပြိုင်ပွဲနှင့် Innovation Award ပြိုင်ပွဲကို ဇူလိုင် ၁၅ ရက်နှင့် ၁၆ ရက် နှစ်ရက်တာ ပြုလုပ်သွားမည်ဖြစ်သည်။
သတင်းစဉ်


