နေပြည်တော် ၁၅ ဇူလိုင်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၏ သတ္တမအကြိမ် ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး ဧည့်ခန်းမ၌ ကျင်းပရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းနှင့်ဇနီး ဒေါ်အေးသီတာ၊ ကော်မရှင်အဖွဲ့ဝင်များနှင့် ကော်မရှင်ရုံးမှ ဝန်ထမ်းများ တက်ရောက်ကြည်ညိုကြပြီး ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။
အခမ်းအနားသို့ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ၊ ရတနာစံပရိယတ္တိစာသင်တိုက် ဆရာတော် ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဝိစိတ္တသာရ ဆရာတော် အမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြသည်။
အခမ်းအနားတွင် ဆရာတော်ထံမှ တက်ရောက်လာသော ဧည့်ပရိသတ်များက ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး အန္တရာယ်ကင်း ပရိတ်တရားတော်များ ကို နာယူကြသည်။
ယင်းနောက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနှင့် ဇနီး၊ ကော်မရှင်အဖွဲ့ဝင်များနှင့် ညွှန်ကြားရေးမှူးချုပ်တို့က သံဃာတော်များကို ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် ဆရာတော်ထံမှ အနုမောဒနာ တရားနာယူပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။
ဆက်လက်၍ ဆရာတော်၊ သံဃာတော် အရှင်သူမြတ်တို့အား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


