ရာသီအလိုက်ပွဲတော်များ
ကမ္ဘာပေါ် ရှိ နိုင်ငံအသီးသီးတို့သည် ကိုးကွယ်ရာ အယူဝါဒတို့ကို အကြောင်း ပြု၍ဖြစ်စေ၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကို အကြောင်းပြု၍ဖြစ်စေ၊ နေ၊ လ၊ နက္ခတ်တို့ကို အကြောင်းပြု၍ဖြစ်စေ ရာသီအလိုက်ပွဲတော်များကို ကျင်းပနေကြသည်။ တစ်ဆယ့်နှစ်လရာသီအတွက် ပွဲတော်တစ်ဆယ့်နှစ်မျိုးမက ရှိသည်။ မြန်မာ့ဆယ့်နှစ်လရာသီပွဲတော်များကို ဖော်ညွှန်းရာတွင်လည်း မည်သည့်လ၊ မည်သည့်ရာသီ၌ မည်သည့်နက္ခတ်သည် မည်သည့်စန်းနှင့်ယှဉ်ကြောင်း အဓိကဖော်ပြကြသည်။ သို့ဖြစ်၍ ဝါဆိုလကို "ကရကဋ်ရာသီ" ခေါ်ဆို၏။ ပြုဗ္ဗာသာဠ်နက္ခတ်နှင့် စန်းယှဉ်ပြည့်၏။ ဗျိုင်းတာရာထွန်းပ၏။ အချို့က ဥတ္တရာသာဠ်နက္ခတ်နှင့် စန်းယှဉ်ပြည့်ကာ ရာသီရုပ်မှာ ပုစွန်လုံးကဏန်းသတ္တဝါ ပုံဖြစ်၏။ ဝါဆို၊ ဝါခေါင် ရေဖောင်ဖောင် ဆိုစကားရှိသည်နှင့်အညီ မိုးဖြိုင်ဖြိုင်ရွာနေပြီဖြစ်သော ဝါဆိုလရာသီတွင် မိုးပွင့်နှင့်အတူ ပွင့်ပြူလာကြသော ရာသီပန်းမှာ ပုန်းညက်ပန်းဖြစ်၏။ ပုန်းညက်ဟူသောစကားမှာ ပါဠိသဒ္ဒါ ပုန္နာဂမှ ဆင်းသက်သည်ဟု အချို့ကဆိုသည်။ ကံ့ကော်၏ပါဠိအမည်မှာ နာဂဖြစ်၍ ကံ့ကော်နှင့် ပုန်းညက် အမျိုးနီးစပ်သည်ဟုလည်း ယူဆကြသည်။ ပုန်းညက်ပန်းသည် အဖြူရောင်ဖြစ်၍ ဖယောင်းကဲ့သို့ ညက်ညောသည်။ ဝတ်ဆံမှာ အဝါဖြစ်သည်။ အခိုင်လိုက်ပွင့်၍ မွှေးကြိုင်သည်။
ရာသီဘွဲ့ဖွဲ့ဆိုရာတွင်
အများသိပြီးသော အကြောင်းကို ထပ်ခါတလဲလဲ မဖော်ကျူးဘဲ အများမသိသောအချက်တို့ကိုသာလျှင် ရှာဖွေ၍ စာဆိုတော်များက အဓိကထား၍ ရာသီဘွဲ့များကို ဖွဲ့ဆိုကြသည်။ ထို့ကြောင့် စပ်ဆိုသောသူတို့သည် အကြောင်းအရာချင်း ထပ်နေသောကြောင့် ရာသီဘွဲ့ဆိုသည်မှာ မျဲပြာပုဆိုးကဲ့သို့ ဖြစ်နေမလားဟု ယူဆဖွယ်ရာဖြစ်သည်။ သို့ရာတွင် စာဆိုတော်တို့သည် အဓိကအချက်တို့၌ အကြောင်းအရာချင်းထပ်၍ စပ်ဆိုသည်ပင် ဖြစ်သော်ငြားလည်း ယင်းတို့၏ဖွဲ့ပုံ၊ သရုပ်ဖော်ပုံ၊ စိတ်ကူးပုံ၊ စိတ်ခံစားပုံ၊ တွေးခေါ်ပုံတို့ကား တစ်ဦးနှင့်တစ်ဦး မတူ၊ မိမိစိတ်ကူးနှင့် မိမိထူးခြားသည့် အကြောင်းအရာကိုဖွဲ့ဆိုခြင်းဖြင့် ရာ သီဘွဲ့၏အရသာကို ခံစားသောသူတို့သည် ငြီးငွေ့ဖွယ်ဟုမယူဆနိုင်ကြချေ။ တစ်မျိုးစီသာ ကောင်းကြသည်။ ကြိုက်နှစ်သက်ကြမည်။
ဥတုသုံးပါးနှင့် အစားအသောက်
မြန်မာနိုင်ငံ၏ပထဝီအနေအထားမှာ နွေ၊ မိုး၊ ဆောင်းဟူ၍ ဥတုသုံးပါးရှိရာ တွင် ထိုဥတုသုံးပါးသည် တစ်ဥတုမှတစ်ဥတုသို့ ပြောင်းသည့်အခါ အပူ၊ အအေး အားပြိုင်တတ်ကြသည်။ ထိုအခါမျိုးတွင် ရောဂါဝေဒနာများ ကျရောက်တတ်သည်။ တိုင်းရင်းဆေးပညာအလိုအရ ဝါဆိုလပြည့်ကျော်၁ ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အထိ မိုးဥတုဟု သတ်မှတ်ထားသည်။ သို့သော်လည်း နွေအပူက မကုန်သေး။ မိုးကလည်း မပီပြင်။ အပူ၊ အအေး အားပြိုင်ဆဲကာလဖြစ်၏။ ရောဂါဝေဒနာများ ကျရောက်တတ်ပေသည်။ အစားအသောက်၊ အနေအထိုင်များကို ဆင်ခြင်စွာ နေထိုင်စားသောက်ကြ ရပေမည်။
မိုးဦးကျဖြစ်တတ်သောရောဂါ
ဝါဆို၊ ဝါခေါင် နှစ်လသည် ဝသ္တဥတုမည်၏။ ဤဥတုသည် စိုစွတ်၏။ ပူတုံအေးတုံရှိ၏။ အိုက်စပ်၏။ ကောင်းကင်တွင် မိုးတိမ်တို့ မပြတ်ရှိတတ်၏။ အနောက်လေပူတတ်၏။ နတ်သမီးကွမ်းတံတွေးစသော ပိုး၊ မှတ်၊ ခြင်၊ ယင်၊ ဖား၊ မြွေ၊ ငှက်တို့ သားပေါက်ဖွားကြ၏။ ထိမ်၊ မအူ၊ လက်ထုတ်၊ ဆပ်သွား၊ မုလေး၊ ပုန်းညက်၊ စံပယ်တို့ ပွင့်ကြကုန်၏။ ရေအိုင်၊ ရေကန်စသည်တို့တွင်ကြာဖြူ၊ ကြာနီ၊ ကြာညိုတို့ပွင့်ကြကုန်၏။ အမြစ်၊ အသီး၊ အပွင့်၊ အရွကဆေးမျိုးတို့သည် ပေါက်သစ်စဖြစ်၍ ဓာတ်နုသောကြောင့် အစွမ်းသတ္တိနည်း၏ဟုကျမ်းများက ဆိုထားသည်။
ယင်းသို့သောရာသီဥတုတွင် ဝမ်းမီးနှံ့ကာ အစာမကြေရောဂါဖြစ်စေသည်။ မိုးနှင့်အတူတွဲလျက် ပေါ်ပေါက်လာသော သရက်သီး၊ ပိန္နဲသီး၊ ဒူးရင်းသီး၊ နာနတ်သီးမှစ၍ ကြေခဲ၊ ကျက်ခဲသောသီးနှံများကို ဆင်ခြင်ကာစားသုံးပြီး ကြေလွယ်၊ ကျက်လွယ်သော အစားအစာများကိုသာ စားသောက်သင့်သည်။ အမှည့်လွန်သစ်သီးများမှ ယင်နားစာများ၊ ဝမ်းနူးစာများ၊ မလတ်ဆတ် မသန့်ရှင်းသော အစားအစာများကို သတိထားကာ စားသောက်နေထိုင်ကြရမည်။ မိုးဦးကျအခါ ဖြစ်တတ်သောရောဂါများကို ကာကွယ်လိုလျှင် လေစိမ်းတိုက်မခံဘဲ နွေးနွေးထွေးထွေး နေသင့်သည်။
တုပ်ကွေးဖျား၊ အအေးမိဖျားတို့ကို တိုင်းရင်းဆေးနံပါတ် (၆) ဟလိတ္ထစုန္ဒငန်းဆေး၊ တိုင်းရင်းဆေး (၂၅) မတဲမြင်းမိုရ် ကုန်းဆေးတစ်မျိုးမျိုးကို ကွမ်းရွက်ပြုတ်ရည်၊ ချင်းပြုတ်ရည် တစ်မျိုးမျိုးဖြင့် သောက်ပါ။ ဝမ်းဖော၊ ဝမ်းရောင်၊ ဝမ်းပျက်၊ ဝမ်းလျှောခြင်းတို့ကို တိုင်းရင်းဆေးနံပါတ်(၃၅)ဇာတိလဝင်္ဂငန်းဆေးကို နံနက်၊ ည ရေနွေးဖြင့် သောက်ပါ။ သွေးပုပ်၊ လေပုပ်ကြောင့်ဖြစ်သော အဖု၊ အကျိတ်ဖြစ်က နာမည်ကျော်ဒေဝယက္ခမန်း ဆေးလိမ်းပေးပါ။ တိုင်းရင်းဆေး (၁၀)ဝမ်းနုတ်ဆေးဖြင့်ဝမ်းနုတ်ပေးပါ။ လေချုပ်၊ လေထိုး၊ လေအောင့်ဖြစ်လျှင် တိုင်းရင်းဆေးနံပါတ် (၃၃) (လေပုပ်ထုတ်) ဆေးကို ရေနွေးဖြင့်သောက်ပါ။ ဝါဆိုလမိုးဦးကျမှာ ဖြစ်တတ်သောရောဂါများကို ကာကွယ်နိုင်ပါပေသည်။
ဓမ္မစကြာတရား
မဟာသက္ကရာဇ် ၁၀၃ ခုနှစ် ဝါဆိုလပြည့်နေ့တွင် မြတ်ဘုရားရှင်သည် ဓမ္မစကြာတရားတော်ကို စတင်ဟောကြားတော်မူပါသည်။ ဘုရားရှင်သည်ဓမ္မစကြာတရားတော်ကို အိန္ဒိယနိုင်ငံ ဗာရာဏသီပြည် မိဂဒါဝုန်တော၌ ဟောကြားခြင်းဖြစ်သည်။ ၁၀၃ ခုနှစ် နေစက်ဝန်းကဝင်လုလု ရွှေရည်များ သွန်းထားသကဲ့သို့ အရှေ့လောကဓာတ်၌ လပြည့်ဝန်းကထွက်ပြုစငွေရည်သွန်းဘိသို့ ကျက်သရေရှိလှသောအခါ ပဉဝဂ္ဂီငါးဦးတို့အား ဘုရားဖြစ်ပြီဟူ၍ ဝန်ခံသောအားဖြင့် ဟောကြားတော်မူခဲ့သည်။
ဓမ္မစကြာတရားတော်သည် ဝိနည်းမဟာ ဝါ ပါဠိတော်၌ ပဉဝဂ္ဂီယကထာ အမည်ဖြင့်လာရှိပြီး ပဋိသ္ဘိမဂ္ဂပါဠိတော်၌ ဓမ္မစက္ကပဝတ္တနဝါရအမည်ဖြင့် လာရှိပါသည်။ မဟာဝဂ္ဂသံယုတ် ပါဠိတော်၌လည်း "ဓမ္မစက္ကပဝတ္တနသုတ္တ" အမည်ဖြင့် လာရှိပါသည်။ ဓမ္မစက္ကပဝတ္တနသုတ်၏ အဓိပ္ပာယ်မှာ တရားဉာဏ်တော်တည်းဟူသော အသိစက်ကို လည်စေတော်မူခြင်းဟု အဓိပ္ပာယ်ရပါသည်။ (ဓမ္မ= တရားဉာဏ်တော်+စက္က=စက်ဝန်း+ပဝတ္တန=လည်စေခြင်း) ဖြစ်၏။
ဗုဒ္ဓဝါဒ၏ တိကျခိုင်မာသောတရား
ဓမ္မစကြာတရားတော်သည် သစ္စာလေးပါးတရားကို ညွှန်းဆိုဟောကြားတော်မူသော တရားဒေသနာဖြစ်၍ ပိဋကတ်သုံးပုံ၏ အနှစ်ချုပ်တရားဟု ဆိုထိုက်ပါသည်။ ဓမ္မစကြာတရားတော်ကို စိစစ်သုံးသပ်ကြည့်ပါက လမ်းစဉ်နှစ်ခုဖြစ်သော အကျင့်ကာမသုခလ္လိကနုယောဂေါ၊ အတ္တကိလမထာနုယောဂေါကိုရှောင်ကြဉ်ရေးနှင့် မဇ္ဈိမပဋိပဒါလမ်းစဉ်မှန် သီလမဂ္ဂင် သုံးပါး + သမာဓိမဂ္ဂင် သုံးပါး+ ပညာမဂ္ဂင်နှစ်ပါးကို ကျင့်ဆောင်ရန် ညွှန်ကြားထားခြင်းဖြစ်သည်။ သစ္စာလေးပါးတရားတော်ကို သိမြင်စေရန် ဟောကြားထားသောကြောင့်မြတ်ဗုဒ္ဓ၏တိကျခိုင်မာသော တရားသဘောတို့ကို တွေ့မြင်နိုင်ပါသည်။
မဟာသက္ကရာဇ် ၁၀၃ ခုနှစ် ကဆုန်လပြည့်နေ့တွင် ဥရုဝေလတော နေရဉရာမြစ်ကမ်းရှိ မဟာဗောဓိပင်အောက် ရွှေပလ္လင်တော်ထက်ဝယ်လောက၌ သိသင့်သိထိုက်သောအရာမှန်သမျှ ကြွင်းမဲ့ကုန်စင် ကောင်းစွာသိမြင်တော်မူသော မြတ်ဘုရားရှင်သည် ဥရုဝေလတောမှ တစ်ဆယ့်ရှစ်ယူဇနာဝေးသော ပဉဝဂ္ဂီငါးဦးတို့နေထိုင်ရာ ဗာရာဏသီပြည်အနီး မိဂဒါဝုန်ရဂုံမြိုင်အတွင်း၌ ဝါဆိုလပြည့်ဓမ္မစကြာတရားဦးကို ဟောကြားခဲ့ခြင်းဖြစ်သည်။
တရားတော်၏အချုပ်ကား ရှောင်ရန်အချက်ကြီး နှစ်ချက်ဖြစ်သည်။ ကာမစည်းစိမ်ကို ခံစားသောအကျင့်နှင့် ခန္ဓာကိုယ်ကို ပင်ပန်းသော အကျင့်တို့ကို မပြုခြင်းနှင့် ထိုအကျင့်တို့ဖြင့် ရုပ်ခန္ဓာ ငြိမ်းအေးသော ချမ်းသာကို မရနိုင်။ အစွန်းနှစ်ခုလွတ်သည့် အလယ်အလတ်ကျင့်စဉ်ဖြင့်သာ လောကုတ္တရာ ကောင်းကျိုးတည်းဟူသော အေးငြိမ်းခြင်းကို ရရှိခံစားနိုင်သည်တို့ ဖြစ်ပေသည်။
သိပ္ပံနည်းကျ တရားတော်
မြတ်ဘုရားရှင်သည် ဓမ္မစကြာတရားတော်၌ လူ့အနှောင်အဖွဲ့များကိုကာမဂုဏ်ချမ်းသာ၌ ကပ်ငြိတွယ်တာပြီး လိုက်စားသောအကျင့် "ကာမ သုခလ္လိကာ နုယောဂေါ" နှင့် မိမိခန္ဓာကိုယ်စိတ်ကို ပင်ပန်းဆင်းရဲစေရန် ပြုလုပ်သော အကျင့် "အတ္တကိလမထာနုယောဂေါ" ဟူသည့် အစွန်းတရား နှစ်ပါးသည် လောကမှလွတ်မြောက်ရေးအတွက် အကျိုးမရှိ၊ အချည်းနှီးသော အကျင့်များဖြစ်သည်။ ယင်းအစွန်းနှစ်ပါးကို မမှီဝဲရန် လမ်းပြနည်းကို ဟောကြားတော်မူခြင်း ဖြစ်သည်။ ထိုနည်းလမ်းသည် သိပ္ပံနည်းကျဖြစ်ပေသည်။
ချမ်းသာခြင်းအမှန်ကိုသိခြင်း
ဗုဒ္ဓဘုရားရှင်သည် ဗောဓိပင်နှင့်ရွှေပလ္လင်ကို ရရှိတော်မူပြီး ဘုရားဖြစ်သောနေ့မှာပင် "တဏှာလက်သမား သင်ဆောက်လုပ်ထားသော ခန္ဓာအိမ်ကြီးကို ငါမြင်ပြီ။ နောက်ထပ်မဆောက်ရတော့ပြီ" ဟုစိတ်ထဲမှကြိတ်ပြီး မနုဿဥဒါန်း ကျူးရင့်တော်မူခဲ့၏။ တဏှာလက်သမားကိုမြင်မှ၊ သိမှ၊ တွေ့မှ ဒီတဏှာ လက်သမားလက်မှ လွတ်မြောက်အောင် ရုန်းထွက်နိုင်မှာဖြစ်သည်ကို တွေ့ရှိတော်မူကာ "ဒွေမေ ဘိက္ခဝေ အ္တာပဗ္ဗဇ္ဇိတေန နသေဝိတဗ္ဗာ" အစရှိသည်ကို ဟောကြားသည်။ ဘဝအသစ်မဖြစ်သော ဆင်းရဲခြင်းကင်းမည့် ကျင့်စဉ်များပါရှိလေသည်။ တရားတော်၏ အနှစ်သာရအားဖြင့် အကျင့်သုံးပါး၊ သစ္စာလေးပါး၊ ဉာဏ်တစ်ဆယ့်နှစ်ပါးနှင့်ဗုဒ္ဓဖြစ်ပြီဟူ၍ ဝန်ခံတော်မူထားခြင်းဖြစ်သည်။
ဗုဒ္ဓက ဒုက္ခလေးမျိုးရှိကြောင်းကို ပြသည်။ ယင်းတို့မှာ ဇာတိပိဒုက္ခာ၊ ဇရာပိဒုက္ခာ၊ ဗျာတိပိဒုက္ခာ၊ မရဏာပိဒုက္ခာလေးမျိုးဖြစ်၏။ အဓိပ္ပာယ်မှာ ပဋိသန္ဓေ နေရခြင်း၊ အိုရခြင်း၊ နာရခြင်း၊ သေရခြင်းသည် ဆင်းရဲခြင်းတို့ဖြစ်၏။ ထိုဆင်းရဲဒုက္ခမျိုးကို ခန္ဓာကိုယ်နှင့်ပတ်သက်သော ဆင်းရဲဒုက္ခမျိုးဟု ခေါ်၏။
ဒုတိယဒုက္ခမျိုးမှာ မချစ်မနှစ်သက်သောသူနှင့် ပေါင်းသင်းရခြင်း ဆင်းရဲဒုက္ခနှင့် ချစ်သောသူနှင့်ကွေကွင်းရခြင်း ဆင်းရဲဒုက္ခဖြစ်သည်။ ထိုဆင်းရဲကိုလည်း ပတ်ဝန်းကျင်ဒုက္ခဟု ခေါ်သည်။
တတိယဒုက္ခမျိုးမှာ လိုချင်တပ်မက်ပါလျက် မရခြင်းဒုက္ခမျိုးဖြစ်၏။ ထိုဒုက္ခတို့သည် ကံကြမ္မာနှင့်ပတ်သက်သော ဆင်းရဲဒုက္ခဟုခေါ် ခြင်းဖြစ်၏။
စတုတ္ထဒုက္ခမျိုးမှာ ခန္ဓာဆင်းရဲခြင်းပင် ဖြစ်ပေ၏။ ခန္ဓာငါးပါးရရှိလာသည့်အတွက် ဆင်းရဲရသောဒုက္ခမျိုးကို သင်္ခါရနှင့်ပတ်သက်သော ဆင်းရဲဒုက္ခမျိုးဖြစ်၏။ စတုတ္ထဒုက္ခသည် သင်္ခါရဒုက္ခမျိုးဖြစ်၏။ ဘုရားရှင်မှသာသိရသော ဒုက္ခမျိုးဖြစ်၏။ ထိုဒုက္ခသည် နိဗ္ဗာန်ကိုအခြေခံ ရရှိခံစားနိုင်သည်။ ဖော်ပြပါ သင်္ခါရဒုက္ခသည် ဆင်ခြင်တုံတရားအရသိရှိရသော ဒုက္ခမျိုးမဟုတ်ပေ။ ဝိပဿနာဉာဏ်၊ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်တို့နှင့်သာ သိနိုင်သော ဒုက္ခမျိုး ဖြစ်ပါသည်။ ဝိပဿနာဉာဏ်၊ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ဆိုသည်မှာလည်း ဆင်ခြင်တုံတရားနှင့်ရနိုင်သော ဉာဏ်မျိုးဖြစ်သည်။ သင်္ခါရဒုက္ခကိုမြင်မှ ဒုက္ခသစ္စာ ဆင်းရဲခြင်းအမှန်ကို မြင်ရာရောက်ပေမည်။ ဒုက္ခသစ္စာ ဆင်းရဲခြင်းအမှန်ကိုသိကြမှ ဆင်းရဲခြင်းကုန်ရာချမ်းသာစစ်၊ ချမ်းသာမှန်ကိုသိနိုင်၊ မြင်နိုင်၊ ကြိုးစားနိုင်မည်ဖြစ်ပေသည်။ ။
ဒေါက်တာမောင်ဖြေ