ကလိန်အောင် ၁၆ ဇူလိုင်
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့ မနက် ၁၀ နာရီက လူဦးရေစာရင်းအချက်အလက်များ ကောက်ယူရေး ပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပသည်။
ဖွင့်ပွဲအခမ်းအနားတွင် ရေဖြူမြို့နယ် လူဦးရေစာရင်းအချက်အလက်များ ကောက်ယူရေးအဖွဲ့ ဥက္ကဌ ဦးလှိုင်းမောင်မောင်က အဖွင့်အမှာစကားပြောကြားပြီး လူဦးရေစာရင်းအချက်အလက်များ ကောက်ယူရေးအဖွဲ့ အတွင်းရေးမှူး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီက ၂၀၂၀ ရွေးကောက်ပွဲအတွက် ရပ်/ကျေးများတွင် လူဦးရေ စာရင်းများ အမှန်တကယ်ရရှိစေရေးအတွက် ရပ်ကျေးစာရေးအဖွဲ့များအား ယခုလို သင်တန်းဖွင့်ပေးရခြင်းဖြစ်ကြောင်းနှင့် ပတ်သက်၍ အမှာစကား ပြောကြားသည်။
ထို့နောက် ကံပေါက်ဒေသနှင့် ကလိန်အောင်မြို့အတွင်းရှိ ကျေးရွာအုပ်စု ၂၀ တို့ရှိ တာဝန်ခံများအား လူဦးရေစာရင်းအချက်အလက်များ ကောက်ယူရေးအတွက် စာရွက်စာတမ်းများကို ရေဖြူမြို့နယ် လူဦးရေ စာရင်းအချက်အလက်များ ကောက်ယူရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှိုင်းမောင်မောင်နှင့် တာဝန်ရှိသူများက ပေးအပ်ခဲ့ကြသည်။
အဆိုပါ လူဦးရေစာရင်းအချက်အလက်များ ကောက်ယူရေးသင်တန်းကို ရေဖြူမြို့နယ် စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မို့မို့နှင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဦးစီးအရာရှိ ဦးတင့်လွင်၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲမှ ဦးစီးအရာရှိ ဒေါ်ဇင်မာအောင်တို့က ကံပေါက်ဒေသနှင့် ကလိန်အောင်မြို့အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးစာရေး ၁၈၀ တို့အား သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
အခမ်းအနားသို့ ရေဖြူမြို့နယ် လူဦးရေစာရင်းအချက်အလက်များ ကောက်ယူရေးအဖွဲ့ ဥက္ကဌ ဦးလှိုင်းမောင်မောင်၊ အတွင်းရေးမှူး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီနှင့် ဌာနဆိုင်ရာများ၊ ကံပေါက်ဒေသနှင့် ကလိန်အောင်မြို့အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးစာရေးများ စုစုပေါင်း ၂၀ဝ ခန့် တက်ရောက်ကြကြောင်း သိရသည်။
ကလိန်အောင်(ပြန်/ဆက်)


