တီးတိန် ၁၆ ဇူလိုင်
ချင်းပြည်နယ် တီးတိန်မြို့နယ်အတွင်း သိမ်းဆည်းမြေများ ပြန်လည်စွန့်လွှတ်ပေးအပ်ခြင်းနှင့် မူလတောင်သူပိုင်ရှင်များထံသို့ ယာယီလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၃)များပေးအပ်ပွဲနှင့် မြေငှားဂရန် ပေးအပ်ပွဲအခမ်းအနားကို ဇူလိုင် ၁၅ရက် နံနက် ၈နာရီက တီးတိန်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအစည်းအဝေး ခန်းမ၌ ပြုလုပ်သည်။
ရှေးဦးစွာ ချင်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်က အမှာစကားပြောကြားသည်။ ဆက်လက်၍ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတိုးဝင်းက စွန့်လွှတ် မြေများပြန်လည်ပေးအပ်ခြင်း၊ မြေငှားဂရန်(မြေငှားပတ္တာစာချုပ်)ပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ယာယီလုပ်ကိုင်ခွင့်လက်မှတ်ပုံစံ(၃)|ပုံစံ(၇)နှင့်မြေငှားဂရန်များအား မူလပိုင်ရှင်များထံသို့ ပေးအပ်ခဲ့ပြီး မူလပိုင်ရှင်များကိုယ်စား ဦးခမ်းဆွင်းမုန်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
အခမ်းအနားတွင် တက်ရောက်လာသောပြည်နယ်ဝန်ကြီးများက သက်ဆိုင်ရာ ဝန်ကြီးဌာနလုပ်ငန်းများ ဆွေးနွေးသည်။ ဆက်လက်၍ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဂိုဆွင်းခိုင်က နိုင်ငံတော်အကြီးအကဲများ၏ လမ်းညွှန်မှာကြားချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုနှင့် ဒေသလိုအပ်ချက်များအား တင်ပြပြီး ဆွေးနွေးတင်ပြချက်များအပေါ် ပြည်နယ် ဝန်ကြီးများနှင့် သက်ဆိုင်ရာဌာနများမှ ပြန်လည်ဖြေကြားကြသည်။
ပေးအပ်ပွဲတွင် ယာယီလုပ်ကိုင်ခွင့်လက်မှတ် ပုံစံ(၃)-၁၂၊ ပုံစံ(၇)-၃၂၊ မြေငှားဂရန်-၇၅ တို့အား မူလပိုင်ရှင်များထံသို့ ပြန်လည်ပေးအပ်ကြောင်း မြို့နယ်(ပြန်/ဆက်)မှ သိရသည်။
MDN


