ဝမ်းတွင်း ၁၆ ဇူလှိုင်
မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့တွင် ယနေ့နံနက်ပိုင်းမှစတင်၍ မည်သူမဆို အခမဲ့စားသုံးနိုင်သည့် Food Box ကို အများပြည်သူသွားလာမှုများသည့် ရန်ကုန်-မန္တလေး ကားလမ်းမကြီး၊ တံတားဦးကျောင်းတိုက် သန္တိ သုခ လူမှုကူညီရေးအသင်းရုံးရှေ့တွင် ပထမဆုံးအကြိမ်အဖြစ် စတင်ဖွင့်လှစ်ထားရှိကြောင်း သိရသည်။
“အများပြည်သူများ အခမဲ့စားသုံးနိုင်တဲ့ Food Box များကို အခြားမြို့နယ်တွေမှာ လုပ်နေတာမြင်တော့ ကျွန်တော်တို့မြို့မှာလည်း ရှိစေချင်တဲ့စိတ်နဲ့ လုပ်ဖြစ်ခဲ့တာပါ၊ လာရောက်လှူဒါန်းတဲ့ အလှူရှင်တွေလည်း ရှိပါတယ်၊ ကျွန်တော်တို့အသင်းရုံးအနေနဲ့လည်း လိုအပ်တာတွေ ကူညီပြီး ရေရှည်ဆောင်ရွက်နိုင်အောင် ကြိုးစားသွားမှာပါ” ဟု သန္တိသုခ လူမှုကူညီရေးအသင်းရုံးမှ အတွင်းရေးမှူး ဦးမှတ်ကြီးက ပြောသည်။
အဆိုပါ Food Box ကို ဝမ်းတွင်းမြို့၏ လူအသွားအလာအများဆုံးနဲ့ အခြေခံလူတန်းစားများ၊ ကလး သူငယ်များ စားသုံးနိုင်ရန် ရည်ရွယ်ပြီး အများကောင်းမှုဖြင့် လှူဒါန်းထားခြင်းဖြစ်ကြောင်း လိုအပ်တာရှိရင်လည်း ပြန်ဖြည့်ဖို့ အဆင့်သင့်စောင့်နေပါကြောင်းနှင့် စားသောက်စရာများ ပြတ်လပ်မှု မရှိစေရန် နေ့စဉ်အလှူရှင် (၅) ဦးမှ လှူဒါန်းသွားမည် ဖြစ်ကြောင်းသိရသည်။
ဌေးလှိုင်(ဝမ်းတွင်း)


