ရန်ကုန် ၁၆  ဇူလိုင် 


ရန်ကုန်တက္ကသိုလ် အိပ်ဆောင်များ မွမ်းမံပြင်ဆင်ရေး ဘတ်ဂျက်အသုံးပြုမှု လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဘွဲ့နှင်းသဘင်ကောင်စီခန်းမ၌ ဇူလိုင် ၁၅ ရက် မွန်းလွဲပိုင်းက ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက်ခဲ့သည်။

 

1

 


အစည်းအဝေးတွင် ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဖိုးကောင်းက ရန်ကုန်တက္ကသိုလ် အိပ်ဆောင်များ မွမ်းမံပြင်ဆင်ရေး ဘတ်ဂျက်အသုံးပြုမှုနှင့် ပတ်သက်၍ တင်ပြခဲ့သည်။

 

1

 


ဆက်လက်၍ လျှပ်စစ်၊ စက်မှုလက်မှုနှင့်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်၊ ရန်ကုန် မြို့တော်ဝန် ဦးမောင်မောင်စိုး၊ အမျိုးသားပညာရေးမူဝါဒကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒေါက်တာညီလှငယ်၊ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းတို့က အဆောက်အဦများ မွမ်းမံပြင်ဆင်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများ၊ ဘတ်ဂျက်သုံးစွဲရခြင်း အခြေအနေများကို တင်ပြဆွေးနွေးခဲ့ရာ ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းပေးပြီး ရှေ့ဆက် ဆောင်ရွက်ရမည့် အစီအစဉ်များကို လမ်းညွှန်မှာကြားခဲ့သည်။


ထို့နောက် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မွမ်းမံပြင်ဆင်ရမည့် အဆောင်များသို့ လိုက်လံကြည့်ရှု့ခဲ့သည်။ မွမ်းမံပြင်ဆင်ရမည့်အဆောင်များမှာ သီရိ ၊ ရွှေဘို ၊ စစ်ကိုင်း ၊ ပင်းယ ၊ ပဲခူး ၊ သထုံ ၊ အင်းဝ ၊ ရတနာ ၊ အင်းယား ၊ ဒဂုံ တို့ဖြစ်သည်။


၂၀၂၀ တွင် နှစ် ၁၀ဝ ပြည့်ပြီဖြစ်၍ ရန်ကုန်တက္ကသိုလ်တွင် နှစ် ၁၀ဝ ပြည့် အခမ်းအနားကို ကျင်းပမည်ဖြစ်ကြောင်း သိရသည်။


ဆန်းကျော်ဦး(ပြန်/ဆက်)