စစ်ကိုင်း ၁၆ ဇူလိုင်
စစ်ကိုင်းမြို့ စစ်ကိုင်းတောင်ရိုး ဆွမ်းဦးပုညရှင်စေတီတော်၏ ဗုဒ္ဓပူဇနိယပွဲတော်ကို ဝါဆိုလပြည့်နေ့ ဓမ္မစင်္ကြာအခါတော်နေ့(ဇူလိုင် ၁၆)က ကျင်းပရာ သံဃာအပါး ၇၀ဝ တို့အား ဆွမ်းကြီးလောင်း လှူခဲ့ကြကြောင်း သိရသည်။
ဆွမ်းဦးပုညရှင်စေတီတော် ဗုဒ္ဓပူဇနိယပွဲတော် ဆွမ်းကြီးလောင်းလှူပွဲကို နံနက် ၅နာရီတွင် ဘုရားရင်ပြင်တော်နှင့် မျက်နှာစာကွင်း လမ်းတစ်လျှောက်ကျင်းပရာ ပင့်သံဃာအပါး ၇၀ဝ တို့အား ဂေါပကအဖွဲ့မှ ဝါဆိုသင်္ကန်းနှင့် လှုဖွယ်ပစ္စည်းများ စတင်လောင်းလှူပြီး စစ်ကိုင်းမြို့နှင့် ရပ်နီးရပ်ဝေး အလှူရှင်များ၊ ဌာနဆိုင်ရာများမှ လှူဖွယ်ဝတ္ထုပစ္စည်းများ လာရောက်လောင်းလှူကြသည်။
အဆိုပါနေ့တွင် စစ်ကိုင်းမြို့မှ ဆွမ်းတော်ကြီးအရုဏ်တော် ဝတ်အသင်းများက ဆွမ်းဦးပုညရှင် စေတီတော်ကြီးမှာ ဝါတွင်းဘုရားစဉ် အရုဏ်ဆွမ်း လာရောက်ဆက်ကပ်လှူဒါန်းသဖြင့် နံနက်ပိုင်းတွင်ပါ ဘုရားကြီးအာရုံဆွမ်းဆက်ကပ်လှူဒါန်းသူများဖြင့် စည်ကားများပြားလျက်ရှိသည်။
''ဝါဆိုလပြည့်နေ့ မနက်ပိုင်းအချိန်မှာပဲ ပင့်သံဃာအပါး ၇၀ဝ ကို ဂေါပကအဖွဲ့နဲ့ စေတနာရှင်၊ အလှူရှင်တွေက ဆွမ်းကြီးလောင်းလှူကြတာပါ။ ဘုရားကြီးဗုဒ္ဓပူဇနိယပွဲတော်မှာ ဝါဆိုလဆန်း ၅ ရက် (ဇူလိုင် ၆)ကစပြီး ၁၃ ရက်(ဇူလိုင် ၁၄)အထိ ဘုရားပွဲအကြို ၃၄ ကြိမ်မြောက် အသံမစဲ ပဌာန်းရွတ်ဖတ် ပူဇော်ပွဲပြုလုပ်ပါတယ်။ ဒီနှစ်ပဋ္ဌာန်းသိမ်းအောင်ပွဲမှာ သြဝါဒါစရိယ ဆရာတော်ကြီးတစ်ပါး တစ်သိန်း၊ ပဋ္ဌာနဘာဏကဆရာတော်တစ်ပါး ငါးသောင်း၊ သီးခြားပင့် သံဃာတစ်ပါး တစ်သောင်း၊ သီလရှင်ဆရာ လေးတစ်ပါး တစ်သောင်းစီလှူဒါန်းပါတယ်" ဟု ပုညရှင်ဘုရားဂေါပကအဖွဲ့အတွင်းရေးမှူး ဦးကျော်လှ က ပြောသည်။
စစ်ကိုင်းမြို့၏ ဝါတွင်းကာလ ဘုရားစဉ်ဆွမ်းတော်ကြီး ကပ်လှူပူဇော်ပွဲများထဲမှ ပထမဆုံးပွဲ ဖြစ်သော ဆွမ်းဦးပုညရှင်စေတီတော် ဗုဒ္ဓပူဇနိယပွဲတော်ပွဲမှာ ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ ဖြစ်သဖြင့် နံနက်ပိုင်းမှာ အရုဏ်တော်ဝတ်အသင်းများ၏ ဆွမ်းကပ်လှူပူဇော်ပွဲ၊ သံဃာ့ဒါနဆွမ်းကြီး လောင်းလှူပွဲများဖြင့် စည်ကားသလို နေ့လယ်ပိုင်းမှစတင်၍ စစ်ကိုင်းမြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာများ၊အနယ်နယ်အရပ်ရပ်မှ စစ်ကိုင်းတောင်ရိုးသို့ ဝါဆိုသင်္ကန်း ကပ်လာရောက်သူများ၊ ရပ်ဝေးဘုရားဖူး ခရီးသွားများ လာရောက်သဖြင့် နေ့ရောညပိုင်းမှာပါ စည်ကားကြောင်း သိရသည်။
မြစည်


