ကျောက်ဆည် ၁၆ ဇူလိုင်
ဒေသအတွင်းရှိ အထင်ကရနေရာများကို မြန်မာသာမက၊ ကမ္ဘာကပါ သိရှိစေရန်နှင့် အရည်အသွေး ပြည့်ဝသော ဓာတ်ပုံပညာရှင်များ မွေးထုတ်ပေးနိုင် ရည်ရွယ်၍ ဖွဲ့စည်းတည်ထောင်ထားသည့် ကျောက်ဆည် ဓာတ်ပုံအသင်းကြီး၏ စတုတ္ထအကြိမ်မြောက် နှစ်ပတ်လည် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဇူလိုင် (၁၅) ရက် ညနေ(၆)နာရီက ရွှေကမ္ဘာစားတော်ဆက်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ ကျောက်ဆည်ဓာတ်ပုံအသင်း ဥက္ကဌ ဦးမြင့်သန်းက ဆုပေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ဒုဥက္ကဌ၊ ဦးအောင်မိုးဝေကအသင်းကြီး၏ တစ်နှစ်တာ ဆောင်ရွက်ခဲ့မှုများအကြောင်း ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ အတွင်းရေးမှူး၊ ဦးရဲမောင်က ဓာတ်ပုံပြိုင်ပွဲများတွင် ကြုံတွေ့ရသည်များ ရှင်းလင်းပြောကြားခဲ့ပြီး ဘဏ္ဍာရေးမှူး ဦးကျော်သူထွန်းက တစ်နှစ်တာ ရသုံးငွေရှင်းတမ်းများကို ရှင်းလင်း ဖတ်ကြားခဲ့သည်။
ထို့နောက် ကျောက်ဆည်ဓာတ်ပုံအသင်းကြီး၏၂၀၁၇-၂၀၁၈ခုနှစ် လပတ်တံခွန်စိုက် ဆုရရှိသူများ၊ စတုတ္ထအကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ နှစ်ပတ်လည်ဓာတ်ပုံပြိုင်ပွဲများတွင် ဆုရရှိခဲ့သူ များ၊ မြန်မာ့ရိုးရာပွဲတော်များကဏ္ဍ၊ ရှုချင်စဖွယ်(အဖြူအမဲ)ကဏ္ဍ၊ ဆေးရောင်စုံကဏ္ဍနှင့် မော်ဒယ်ပြိုင်ပွဲများတွင် ဓာတ်ပုံဆုရရှိခဲ့သူများအပြင် ၂၀၁၈-ခုနှစ်၊နှစ်ပတ်လည်ဓာတ်ပုံပြိုင်ပွဲတွင် အကောင်းဆုံး ဓာတ်ပုံပညာရှင်ဆုများကို အထက်မြန်မာပြည်ဓာတ်ပုံအသင်း၊ မန္တလေးဓာတ်ပုံအသင်း၊ စစ်ကိုင်းဓာတ်ပုံအသင်း၊ ပြင်ဦးလွင်ဓာတ်အသင်း၊မြင်းခြံဓာတ်ပုံအသင်းများမှ ဥက္ကဌများ၊ တာဝန်ရှိဓာတ်ပုံပညာရှင်များနှင့် ကျောက်ဆည် ဓာတ်ပုံအသင်းဥက္ကဌတို့က ဆုများချီးမြှင့်ပေးခဲ့ကြသည်။
ထို့နောက် ကျောက်ဆည်ဓာတ်ပုံ အသင်းကြီးအား ကူညီပံ့ပိုးပေးခဲ့ကြသည့် အလှူရှင်များအား ဂုဏ်ပြုလွှာများ ပေးအပ်ခဲ့ပြီး ဆုရဓာတ်ပုံပညာရှင်များကိုယ်စား ဦးဝင်းမြင့်စံ(စံပယ်ဖြူ)က ကျေးဇူတင်စကား ပြန်လည်ပြောကြားခဲ့ကာ အခမ်းအနား အပြီးတွင် အမှတ်တရ စုပေါင်းဓာတ်ပုံများ ရိုက်ခဲ့ကြကြောင်း သိရှိရသည်။
သက်မောင် (ခရိုင် ပြန်/ဆက်)


