ရန်ကုန် ၁၆ ဇူလိုင်

 

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်၊ လှည်းကူး၊ မှော်ဘီမြို့နယ်များအတွင်းရှိ ကျေးလက်နေတောင်သူများအား စက်ကိရိယာ အသုံးပြုခြင်းဖြင့် ဈေးကွက်ဝင် စိုက်ပျိုးသီးနှံများ ထုတ်လုပ်နိုင်စွမ်း ကောင်းမွန်စေရန် ရည်ရွယ်လျက် လယ်ယာသုံး စက်ကိရိယာ မောင်းနှင်ထိန်းသိမ်းခြင်း အခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၁၉) ကို မင်္ဂလာဒုံမြို့နယ်(ထောက်ကြန့်) စက်မှုလယ်ယာ ဦးစီးဌာန  အမှတ်(၃၅) ထွန်စက်စခန်းဝင်းအတွင်း ဇူလိုင် ၁၅ ရက် နံနက် ၉ နာရီက အဆိုပါကျေးရွာများမှ လယ်ယာလုပ်ငန်း လုပ်ကိုင်နေသော တက်ရောက်တောင်သူ (၃၀)ဦးဖြင့် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

 

erhr

 

ရှေးဉီးစွာ ရန်ကုန်တိုင်းဒေသကြီး စက်မှုလယ်ယာဦးစီးဌာန တိုင်းဦးစီးမှူး ဦးသောင်းထိုက် အဖွင့်အမှာစကားပြောကြားပြီး  ခရိုင်စက်မှုလယ်ယာဦးစီးဌာနမှူး ဦးသန်းထွဋ်က သင်ထောက်ကူပစ္စည်းများ ပေးအပ်ခဲ့သည်။ ထို့နောက်  မင်္ဂလာဒုံ(ထောက်ကြန့်)မြို့နယ်ရှိ စက်မှုလယ်ယာဦးစီးဌာန ထွန်စက်စခန်း အမှတ်(၃၅)မှ မြို့နယ်ဦးစီးမှူး  ဦးဦးဘဝင်းမှ သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များအား အသေးစိတ် ရှင်းလင်းပြောကြားသည်။


  
မင်္ဂလာဒုံမြို့နယ်  ထောက်ကြန့်ထွန်စက်စခန်းမှ မြို့နယ်ဦးစီးမှူး ဦးဦးဘဝင်းက "ကျွန်တော်တို့ဌာနက လယ်ယာလုပ်ငန်းလုပ်ကိုင်နေတဲ့ တောင်သူတွေ စက်မှုလုပ်ငန်းနဲ့ အစဉ်ပြေချောမွေ့စေဖို့  စက်မှုလယ်ယာဦးစီးဌာန အသီးသီးမှ လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းခြင်း နည်းစနစ်သင်တွေကို တစ်နှစ်တစ်ကြိမ် ပို့ချပေးနေပါတယ်။ ခုဆို ကျွန်တော်တို့ဌာန ကဖားမားချိုင့် (FARMER  Choice) ကုမ္ပဏီနဲ့ အရစ်ကျ ဝယ်ယူခွင့်ရရှိဖို့ ပူးပေါင်းချိတ်ဆက်ထားပါတယ်၊ ကမ္ဘာ့နိုင်ငံပေါင်း (၁၀ဝ)ကျော် တင်ပို့ရောင်းချနေတဲ့ အိန္ဒိယနိုင်ငံထုတ် "ဆိုနာလီကာ" ထွန်းစက်ကြီးဆို ကုမ္ပဏီနဲ့ တိုက်ရိုက် (၂)နှစ်ဆိုင်း၊ ကျွန်တော်တို့ စက်မှုလယ်ယာစခန်းကတစ်ဆင့် ဝယ်မယ်ဆိုရင် (၃)နှစ်ဆိုင်း၊ လယ်ယာဖွံ့ဖြိုးရေးဘဏ်နဲ့ ချိတ်ဆက်ရင်တော့ (၅)နှစ်ဆိုင်းနဲ့ အရစ်ကျဝယ်ယူခွင့် ရရှိနိုင်ပါတယ်။ သက်သာတဲ့ဈေးနှုန်း စွမ်အားပြည့် အကြမ်းခံတဲ့အတွက် လယ်ယာတောင်သူတွေ ကြိုက်နှစ်သက်ပါတယ်"ဟု ပြောသည်။

 

hgjyj

 

သင်တန်းသို့ မင်္ဂလာဒုံ (ထောက်ကြန့်)မြို့နယ်၊ လှည်းကူးမြို့နယ်၊ မှော်ဘီမြို့နယ်အတွင်းရှိ ကျေးရွာများမှ လယ်ယာလုပ်ငန်း လုပ်ကိုင်နေသော တောင်သူသင်တန်းသား (၃၀)ဦးတို့အား စက်ကိရိယာ ကိုင်သွယ်အသုံးပြုပုံ၊ အသုံးဝင်ပုံများနှင့် ပြုပြင်ထိန်းသိမ်းခြင်းသင်တန်းကို ဇူလိုင် ၁၅ ရက်မှ ဇူလိုင် ၂၆ ရက်ထိ ရက်သတ္တ နှစ်ပတ်ကြာမျှ ဌာနတွင်း ကျွမ်းကျင်အင်ဂျင်နီယာများက စာတွေ့လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်း-မျိုးမင်းသိန်း (မရမ်းကုန်း)
ဓါတ်ပုံ-မျိုးကြီး