ပွင့်ဖြူ ၁၆ ဇူလိုင်
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်၌ နှစ်စဉ်ကျင်းပမြဲဖြစ်သည့် ကျောင်းတော်ရာ ဘုရားငါးစာကျွေးဆိပ်ကမ်းဖွင့်ပွဲကို ဇူလိုင် ၁၆ ရက် (ဝါဆိုလပြည့်နေ့) နံနက် ၈ နာရီ မိနစ် ၂၀ က ပွင့်ဖြူမြို့နယ် ဘူးသည်ကျေးရွာအနီး ကျောင်းတော်ရာ ဘုရားငါးစာကျွေးဆိပ်ကမ်း ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဖွင့်ပွဲအခမ်းအနားတွင် တက်ရောက်လာကြသူများက နမ္မောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး ကျောင်းတော်ရာဘုရားကြီး ဩဝါဒစရိယဆရာတော် ဦးဝိသုတ (ဝဲဒေါင့်အနောက်ကျောင်းတိုက်)ထံမှ ငါးပါးသီလခံယူ ဆောက်တည်ခဲ့ကြသည်။ ထို့နောက် ဆရာတော်၊ သံဃာတော်များက အန္တရာယ်ကင်းပရိတ်တရားများ ရွတ်ဖတ်ပွားများကာ ငါးကျွေးဆိပ်သို့ဆင်း၍ ဘုရားဖူးလာသည့်ငါးများကို အမွှေးနံ့သာရည်များ ပက်ဖျန်းပေးပြီး တစ်ပျော်တစ်ပါး ငါးစာများ ကျွေးမွေးလှူဒါန်းခဲ့ကြသည်။
ပွင့်ဖြူမြို့နယ် ကျောင်းတော်ရာဘုရား ငါးစာကျွေးဆိပ်ကမ်းဖွင့်ပွဲကို နှစ်စဉ် ဝါဆိုလပြည့်နေ့တိုင်း ကျင်းပမြဲဖြစ်ပြီး ဘုရားဖူးလာသည့်ငါးများအား ငါးစာကျွေးမွေးလှူဒါန်းခြင်းကို ဝါဆိုလပြည့်နေ့မှ သီတင်းကျွတ်လပြည့်နေ့အထိ သုံးလကြာ ကျင်းပပြုလုပ်လေ့ရှိကြောင်း သိရသည်။
ယနေ့နံနက်ပိုင်းက စန္ဒကူးနံ့သာကျောင်းတော်ရာ စေတီတော်မြတ်ကြီးနှင့် ငါးကျွေးဆိပ်ကမ်းတို့တွင် ပွင့်ဖြူမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် ရပ်ဝေးရပ်နီးများမှ ဘုရားဖူးလာပြည်သူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း ကျောင်းတော်ရာဘုရားဂေါပကအဖွဲ့၊ ဘဏ္ဍာရေးမှူး ဦးကြည်စိုးထံမှ သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)


