နေပြည်တော် ၁၆ ဇူလိုင်
ယနေ့သည် ဝါဆိုလပြည့်နေ့၊ ဓမ္မစကြာအခါတော်နေ့ဖြစ်သည်နှင့်အညီ အများပြည်သူ ရုံးပိတ်ရက်၊ အလုပ်ပိတ်ရက်၊ ကျောင်းပိတ်ရက်ဖြစ်၍ နေပြည်တော်ရှိတန်ခိုးကြီးဘုရား စေတီများ၌ ဝါဆိုသင်္ကန်းနှင့် ဝါဆိုပန်းများကပ်လှူပူဇော်သူ၊ တရားဘာဝနာပွားများ ကျင့်ကြံအားထုတ်သူ၊ ဒါနပြု၊ ကုသိုလ်ယူ၊ သီလဆောက်တည်သူများဖြင့် အထူးစည်ကားလျက်ရှိသည်။
ယနေ့နံနက်ပိုင်းတွင် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၌ ဝါဆိုရွှေကြာသင်္ကန်းကပ်လှူပွဲ အခမ်းအနားကျင်းပခဲ့ပြီး နေပြည်တော်နှင့် ပတ်ဝန်းကျင်မြို့နယ်၊ ကျေးရွာများ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများ၊ ဒါနပြု၊ ကုသိုလ်ယူ၊ သီလဆောက် တည်ကြသူများဖြင့် အထူးစည်ကားလျက်ရှိသည်။
အလားတူနေပြည်တော် ဥတ္တရသီရိမြို့နယ်ရှိ သတ္တသတ္တာဟမဟာဗောဓိစေတီတော်ကြီးနှင့် “ဖွား၊ ပွင့်၊ ဟော၊ စံ” သံဝေဇနိယ (၄)ဌာန၊ ဇမ္ဗူသီရိမြို့နယ်ရှိ ဓာတုဇယစေတီတော်နှင့် အဆိုပါ စေတီပုရိဝုဏ်အတွင်းရှိ မဟာမုနိရုပ်ရှင်တော်မြတ်ကြီးနှင့် နေပြည်တော်ပုဂံဟု ထင်ရှားသော ရှေးဟောင်းစေတီတော်တို့တွင်လည်း ဘုရားဖူးလာပြည်သူများဖြင့် စည်ကားလျက်ရှိသည်။
ထို့အတူ ပျဉ်းမနားမြို့ရှိကိုးခန်းကြီးဘုရားနှင့် လောကမာရဇိန်စေတီတော်မြတ်ကြီးတို့၌လည်း နံနက်ပိုင်းက ဝါဆိုရွှေကြာသင်္ကန်းကပ်လှူပူဇော်ပွဲ အခမ်းအနားများကျင်းပခဲ့ပြီး အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများ၊ ဒါနပြု၊ ကုသိုလ်ယူ၊ သီလဆောက်တည်ကြသူများဖြင့် စည်ကားလျက်ရှိသည်။ ညပိုင်းတွင် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၌ ဆီမီး (၉၀ဝ၀) ထွန်းညှိပူဇော်ပွဲကျင်းပခဲ့ရာ ဘုရားဖူးပြည်သူများဖြင့် အထူးစည်ကားခဲ့သည်။
ဝါဆိုလပြည့်နေ့သည် ဓမ္မစကြာအခါတော်နေ့ဖြစ်သည်နှင့်အညီ ဝတ်အသင်းအဖွဲ့များက ဓမ္မစကြာတရားတော်မြတ်ကို ရွတ်ဖတ်ပူဇော်ခြင်း၊ ဝါဆိုသင်္ကန်းနှင့် ဝါဆိုပန်းများ ကပ်လှူပူဇော်ခြင်း၊ တရားဘာဝနာပွားများ ကျင့်ကြံအားထုတ်ခြင်း၊ ဒါနပြု၊ ကုသိုလ်ယူ၊ သီလဆောက်တည်ခြင်း စသည့် ကုသိုလ်ကောင်းမှုများကို ပြုလုပ်ကြသည်။
ဝါဆိုလပြည့်နေ့သည် ဘုရားအလောင်းတော် တုသိတာနတ်ပြည်မှ စုတေကာ လူ့ပြည်၌ ပဋိသန္ဓေတည်သည့်နေ့၊ သိဒ္ဓတ္ထမင်းသား နိမိတ်ကြီးလေးပါးကိုမြင်၍ တောထွက်တော် မူသောနေ့၊ ဘုရားဖြစ်တော်မူပြီး ဓမ္မစကြာတရားဦးကို ဟောကြားတော်မူသောနေ့၊ သာဝတ္ထိပြည် သရက်ဖြူပင်ခြေရင်း၌ တိတ္ထိတို့ကိုနှိမ်နင်း၍ တန်ခိုးပြာဋိဟာ ပြတော်မူသောနေ့၊ ဘုရားအဖြစ်ကို ဝန်ခံတော်မူသောနေ့၊ တရားရတနာစတင်ပေါ်ထွန်းသောနေ့၊ သံဃာရတနာစတင်ပေါ်သောနေ့၊ ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင်ကူးပြောင်းခွင့်ကြုံသောနေ့နှင့် ဧဟိဘိက္ခု-ဟူသောစကားကို စတင်ကြားရသောနေ့ ထိုသို့သောထူးခြားသည့် ဂုဏ်အင်များနှင့်ပြည့်စုံသောနေ့ တစ်နေ့ဖြစ်သည်။
သတင်း-ဟန်လင်းနိုင်၊ ဓာတ်ပုံ-ကျော်ဇင်ထိုက်


