နေပြည်တော် ၁၆ ဇူလိုင်
ဥပ္ပါသန္တိစေတီတော်မြတ်ကြီးအား (၁၁)ကြိမ်မြောက် ဝါဆိုရွှေကြာသင်္ကန်း ကပ်လှူပူဇော်ပွဲနှင့် (၁၁၆)ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး လှိုဏ်တော်အတွင်း၌ ကျင်းပသည်။
အခမ်းအနားသို့ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့၏ သြဝါဒါစရိယ၊ ပျဉ်းမနားမြို့ မဟာဝိသုတာရာမဈေးကုန်းကျောင်းတိုက် ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဒေါက်တာဘဒ္ဒန္တကဝိသာရ အမှူးပြုသော ဆရာတော်သံဃာတော်များ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၏ဇနီး ဒေါ်နန့်ကြင်ကြည်၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးနှင့်ဇနီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်နှင့်ဇနီး၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်းနှင့်ဇနီး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေး ကော်မတီဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဝတ်အသင်းအဖွဲ့များ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုရှေ့နေချုပ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက စေတီတော်မြတ်ကြီး လှိုဏ်တော်အတွင်းရှိ ဗုဒ္ဓပဋိမာရုပ်ပွားဆင်းတုတော်များနှင့် မဟာဆုတောင်းပြည့်ဘုရားကြီးအား ဝါဆိုရွှေကြာသင်္ကန်း ကပ်လှူပြီး ဆွမ်း၊ သစ်သီး၊ ပန်းမန်နှင့်သောက်တော်ရေများ ဆက်ကပ်ပူဇော်ကြသည်။
ဆက်လက်၍ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအခမ်းအနားကို ကျင်းပရာ ဆရာတော် ဒေါက်တာဘဒ္ဒန္တကဝိသာရထံမှ ကိုးပါးသီလ ခံယူဆောက်တည်ကြပြီး ပရိတ်တရားတော်များကို နားကြားကြသည်။
ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၏ ဇနီး ဒေါ်နန့်ကြင်ကြည်၊ ပြည်ထောင်စုရှေ့နေချုပ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆရာတော်သံဃာတော်များအား ဝါဆိုသင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် စိုးလျှပ်စစ်ဖောင်ဒေးရှင်းမိသားစုမှ ဆောက်လုပ်လှူဒါန်းထားသော ဓာတ်လှေကားလျှောက်လမ်း အမိုးစောင်းတန်းကို ဖောင်ဒေးရှင်းမှ တာဝန်ရှိသူများက ဂေါပကအဖွဲ့သို့ လွှဲပြောင်းပေးအပ်ရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
ထို့နောက် တက်ရောက်လာကြသည့် ဧည့်ပရိတ်သတ်များက ဆရာတော် ဒေါက်တာ ဘဒ္ဒန္တကဝိသာရထံမှ အနုမောဒနာတရားနာယူကြသည်။
သတင်းစဉ်


