နေပြည်တော် ၁၆ ဇူလိုင် 

 


လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်သည် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီ:ဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ဘိုင်းဒါးဓာတ်အားခွဲရုံ စီမံကိန်းလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။ 

 

ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ်၊ ၇၂/၂ အနီးတွင် ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ် ဘိုင်းဒါးဓာတ်အားခွဲရုံတွင် တပ်ဆင်အသုံးပြုရန် သယ်ဆောင်လာသည့် 230/33/11 kV၊ 20 MVA ထရန်စဖော်မာ (၃) လုံးအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများမှ ရှင်းလင်းတင်ပြကြပြီး ဒုတိယဝန်ကြီးက လိုအပ်သည်များအား မှာကြားသည်။


    
ထို့နောက် လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ညောင်လေးပင်မြို့နယ်၊ ဘိုင်းဒါးကျေးရွာအနီး 230/ 33/11 kV၊ 60 MVA ဘိုင်းဒါးပင်မဓာတ်အားခွဲရုံစီမံကိန်းသို့ ရောက်ရှိရာစီမံကိန်း တာဝန်ရှိသူများမှ ဓာတ်အားခွဲရုံစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအစဉ်များအား ရှင်းလင်းတင်ပြကြပြီး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးနိုင်မှ ဖြည့်စွက်ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက စီမံကိန်းလုပ်ငန်းများအား သတ်မှတ်အချိန်အတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်သွားရန်နှင့် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး အလေးထားဆောင်ရွက်ရန် မှာကြားသည်။


    
ယင်းနောက် ဒိုက်ဦးမြို့နယ်၊ ဗျက်ကလေးကျေးရွာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်ထားသည့် 30.72 kW, Mini Grid Solar Plant သို့ ရောက်ရှိရာ ဗျက်ကလေးကျေးရွာ တာဝန်ရှိသူများမှ Solar Plant မှ ဓာတ်အား ထုတ်လုပ်ပေးနေမှု အခြေအနေနှင့် ဓာတ်အားဖြန့်ဖြူးပေးထားမှု အခြေအနေတို့အား ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးမှ သိရှိလိုသည်များ မေးမြန်းဆွေးနွေးပြီး Solar Plant အတွင်း ကြည့်ရှု၍ ကျေးရွာအတွင်းပြည်သူများ လျှပ်စစ်ဓာတ်အား အသုံးပြုမှုအခြေအနေတို့အား လှည့်လည်ကြည့်ရှု စစ်ဆေးသည်။


    
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ်၊ ၂၀၄/၄၊ ဒက္ခိဏသီရိမြို့နယ်၊ မာန်ကျည်းကုန်းကျေးရွာအနီး ၅၀ဝ ကေဗွီ ကံကောင်း (မိတ္ထီလာ)- စပါးကြွယ် (တောင်ငူ) ဓာတ်အားလိုင်း (၁၄၆) မိုင် ကြိုးဆွဲခြင်းလုပ်ငန်း၏ အပိုင်း (၂) တွင် SEPCO Co., Ltd. မှ ဆောင်ရွက်သည့် တိုင်အမှတ်၊ ၃၁၉ မှ ၃၃၇ အထိကြိုးဆွဲခြင်း လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ကြည့်ရှုစစ်ဆေးရာ ကုမ္ပဏီတာဝန်ရှိသူများမှ ရှင်းလင်းတင်ပြကြပြီး ဒုတိယဝန်ကြီးက လိုအပ်ချက်များအား ဌာနတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေး အလေးထားဆောင်ရွက်ရန် မှာကြားသည်။ 


    
ထို့နောက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် အမျိုးသား လျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း (NEP) ပထမအဆင့် ကျေးရွာများအနက် နေပြည်တော်ကောင်စီနယ်မြေရှိ ဒက္ခိဏသီရိမြို့နယ်၊ မာန်ကျည်းကုန်းကျေးရွာ၊ ပိတောက်ကုန်းကျေးရွာနှင့် ဂွေးတောက်ရိုးကျေးရွာတို့တွင် ဓာတ်အားလိုင်းကြိုးဆွဲခြင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေတို့အား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

 
သတင်းစဉ်