ခြူးစန္ဓီနွေး - ရေးသားသည်
အိန္ဒိယရဲ့ ထိပ်တန်းသိပ္ပံပညာရှင်တွေ၊ အထူး ဧည့်သည်တော်ကြီးတွေဟာ တစ်နေရာတည်းမှာ စုဝေးခဲ့ကြပါတယ်။ ဘာလို့သူတို့ စုဝေးနေကြ တာပါလဲ။ ချန်ဒရာယန်း ၂ လို့ အမည်ပေးထားတဲ့ လဆင်းယာဉ်လွှတ်တင်တာကို စောင့်ကြည့်ဖို့ စုဝေးခဲ့ကြတာပါ။
အာကာသအိပ်မက်
မိုးဖွဲဖွဲလေးရွာသွန်းပြီးတဲ့နောက် ကောင်းကင်ဟာလည်း ကြည်လင်နေပါတယ်။ လဆင်းယာဉ်ကို လွှတ်တင်ဖို့အတွက်လည်း ဒုံးပျံစင်ပေါ်မှာ လောင်စာအပြည့်နဲ့ နေရာယူထားပါတယ်။ လပေါ်မှာ ဆင်းသက်မယ့်ယာဉ်၊ စက်ရုပ်အစရှိတဲ့အရာတွေလည်း ပြင်ဆင်ခဲ့ပါတယ်။ ဒါတွေအားလုံးကတော့ အိန္ဒိယရဲ့ အာကာသအိပ်မက်တစ်ခုပါ။ ဒါပေမယ့် သူတို့ မျှော်လင့်တဲ့အတိုင်း ဖြစ်မလာခဲ့ပါဘူး။ အိန္ဒိယဟာ လကမ္ဘာပေါ်မှာ ဆင်းသက်နိုင်တဲ့ စတုတ္ထမြောက်နိုင်ငံဖြစ်လာဖို့ ရည်ရွယ်ချက်ကြီးကြီး ထားခဲ့ပါတယ်။ ချန်ဒရာယန်း ၂ ဟာ အိန္ဒိယအာကာသ အစီအစဉ်ရဲ့ မျှော်လင့်ချက်အထားခံရဆုံး အစီအစဉ်တစ်ခုလည်းဖြစ်ပါတယ်။ ကမ္ဘာအနှံ့က သိပ္ပံပညာရှင်တွေရော ကာကွယ်ရေးဆိုင်ရာ ကျွမ်းကျင်သူတွေပါ အိန္ဒိယရဲ့ အာကာသအစီ အစဉ်ကို စောင့်ကြည့်ခဲ့ကြပါတယ်။
စိတ်လှုပ်ရှားမှုအမြင့်ဆုံး
အစီအစဉ်ကတော့ ဇူလိုင် ၁၅ ရက်နေ့ နံနက် ၂နာရီ ၅၁ မိနစ်မှာ ချန်ဒရာယန်း ၂ လဆင်း ယာဉ်ကိုလွှတ်တင်ဖို့ပါပဲ။ ဒါပေမယ့် လွှတ်တင်ခါနီး ၅၆ မိနစ်အလိုခန့်မှာ အချိန်ရေတွက်မှုဟာ ရပ်တန့်သွားခဲ့ပါတယ်။ ဒုံးပျံစင်နဲ့ မိုင်အနည်းငယ်အကွာမှာရှိတဲ့ မီဒီယာစင်တာမှာ လွှတ်တင်ရေး အတွက်ပြသမှုအစီအစဉ် ရပ်ဆိုင်းသွားပါတယ်။ သိပ္ပံဂျာနယ်လစ်တစ်ဦးဖြစ်တဲ့ ပယ်လာဗာဘာဂလာ ကတော့ အဲဒီနေ့က ဆက် တစ်ရှ်ဒါဝန် အာကာသစင်တာမှာ ရှိနေခဲ့ပါတယ်။ သူကတော့ အဲဒီနေ့က လမင်းကြီးဟာ တိမ်တွေကြားထဲက တောက်ပနေလိုက်တာ သူ့ဆီကို အလည်လာဖို့ဖိတ်ခေါ်နေတဲ့ အတိုင်းပဲ၊ ဒါပေမယ့်လည်း ခဏကြာတော့ ရှုပ်ထွေးမှုတွေ ဖြစ်ပေါ်ခဲ့တယ်။ လူတိုင်းလူတိုင်းဟာ ဘယ်နေရာကများ မှားနေတာလဲလို့ တွက်ချက်နေကြတယ်။ အားလုံးရဲ့ စိတ်လှုပ်ရှားမှုကတော့ အမြင့်ဆုံးပါပဲလို့ သူ့ရဲ့ အတွေ့အကြုံကို ပြောပြခဲ့ပါတယ်။
ပြည်သူများရဲ့ မျှော်လင့်ချက်
အိန္ဒိယနိုင်ငံတစ်လွှားမှာရှိကြတဲ့ ပြည်သူ တွေကလည်း လဆင်းယာဉ်လွှတ်တင်မယ့် အစီအစဉ်ကို ညသန်းကောင်ယံမှာ စိတ်လှုပ်ရှားစွာနဲ့ စောင့်မျှော်နေခဲ့ကြပါတယ်။ ဒါပေမယ့် စိတ်မကောင်းစွာနဲ့ပဲ ပြီးဆုံးသွားခဲ့ရတယ်။ အာကာသကျောင်းဆရာတစ်ဦးဖြစ်တဲ့ နမ်ရာတာဘီရာက တော့ “ကျွန်တော့် လက်ပတော့ ကို တစ်ချိန်လုံး ဖွင့်ထားပြီး ဘာသတင်းများထူးမှာ တုံးလို့ စောင့်နေခဲ့တယ်။ အလွန် လည်း စိတ်လှုပ်ရှားရပါတယ်။ “ဒါဟာ အိန္ဒိယနိုင်ငံသား အားလုံးအတွက် ဂုဏ်ယူရမယ့်အခိုက် အတန့်ပဲမဟုတ်လား၊ ဒီလိုအချိန်မှာပဲ အစီအစဉ်ရွှေ့ဆိုင်းလိုက်ရတယ်လို့ သိရတော့ ဝမ်းနည်းမိတယ်။ ဒါပေမယ့် နောက်တစ်ခါကျရင်တော့ လဆင်းယာဉ်ကို အောင်အောင်မြင်မြင် လွှတ်တင်နိုင်လိမ့်မယ် လို့ ယုံကြည်တယ်” ဆိုပြီး သူ့ရဲ့ ခံယူချက်ကို ပြောပြသွားပါတယ်။
အချိန်ရွှေ့ဆိုင်းဖို့လို
နောက်ဆုံးမှာတော့ အိန္ဒိယသိပ္ပံပညာရှင် တွေကတော့ အခုအာကာသအစီအစဉ်မှာ ဘာမှ ဆိုးဆိုး ရွားရွားကြီး ဖြစ်မသွားဘူး။ ဒါပေမယ့် အချိန်ရွှေ့ဆိုင်းဖို့တော့လိုတယ်လို့ ပြောကြားလိုက်ပါတယ်။ နည်းပညာပိုင်းဆိုင်ရာ ပြဿနာအချို့ကြောင့်လို့ ပြောပြခဲ့ပါတယ်။ နောက်ထပ် အသေးစိတ်အချက် အလက်တွေ တွေ့ရရင်လည်း အားလုံးကို အသိပေးသွားမယ်လို့ ပြောပါတယ်။သယ်ယူပို့ဆောင်ပေး မယ့် ဒုံးကျည်ရဲ့ အင်ဂျင်စနစ်မှာ ယိုစိမ့်မှုအနည်းငယ်ရှိတယ်လို့ အာကာသစင်တာမှာ ပြောဆိုနေကြ ကြောင်းကိုလည်း အာကာသယာဉ်လွှတ်မှု အကြိမ် ၂၀ ခန့် တက်ရောက်ဖူးသူ မစ္စတာဘန်ဂလာက ပြောပါတယ်။ အိန္ဒိယအာကာသသိပ္ပံပညာရှင်တွေက တော့ ဒီကိစ္စအပေါ်မှာ မှတ်ချက်ချပြောဆိုခဲ့ခြင်း မရှိပါဘူး။
ယုံကြည်မှုရှိ
အိန္ဒိယအာကာသသုတေသနအဖွဲ့အစည်းကပြောရေးဆိုခွင့်ရှိသူ ဗီဗစ်ဆင်းကတော့ အခုအချိန်အထိ အားလုံးအဆုံးသတ်မသွားသေးပါဘူးလို့ ပြောလိုက်ပါတယ်။ ဒါဟာ ကံမကောင်းလို့ ဖြစ်ရတာပါလို့ မစ္စတာဆင်းက ပြောပါတယ်။ ဆက်တစ်ရှ်ဒါဝန် အာကာသစင်တာကတော့ ဝေးလံတဲ့ ကမ်းရိုးတန်း ဒေသမှာရှိပြီး မြို့တွေနဲ့ အလှမ်းဝေးကွာလွန်းလှပါတယ်။
အဲဒီစင်တာမှာ သိပ္ပံပညာရှင်တွေရော၊ မီဒီယာသမားတွေပါ လဆင်းယာဉ်လွှတ်တင်မှုကို စောင့်ကြည့်ခဲ့ကြပါတယ်။ လကမ္ဘာကို လွှတ်တင် မယ့်ယာဉ်ဟာ ရက်ပေါင်း ၅၀ ကြာမြင့်မယ်လို့ ခန့်မှန်းထားခဲ့ကြပါတယ်။ လမျက်နှာပြင်ပေါ်ကို ဆင်းသက်မယ့် ယာဉ်ငယ်ဟာ ဖြည်းဖြည်းချင်း ဆင်းသက်မှာဖြစ်ပြီး လုပ်ဆောင်မှုတစ်ခုလုံးရဲ့ ရှုပ်ထွေးမှုအရှိဆုံးအပိုင်းလို့လည်း သတ်မှတ်ထားခဲ့ပါ တယ်။ အစ္စရေးကလည်း ဒီလိုမျိုးလုပ်ငန်းစဉ် လုပ်ဖို့ ဧပြီလအတွင်းက ကြိုးစားခဲ့ပေမယ့် မအောင်မြင် ခဲ့ပါဘူး။ ဒါပေမယ့် အိန္ဒိယကတော့ လမျက်နှာ ပြင်ပေါ်ဆင်းသက်မယ့်ယာဉ်ကို လုပ်နိုင်လိမ့်မယ်လို့ ယုံကြည်မှုရှိခဲ့ပါတယ်။
ယုံကြည်မှုပျောက်မသွား
ဘီးခြောက်လုံးပါ အဝေးထိန်းစနစ်နဲ့ ထိန်းချုပ်ရတဲ့ စူးစမ်းလေ့လာရေးစက်ရုပ်ဟာ တောင်ဘက် ဝင်ရိုးစွန်းဘက်ကိုသွားပြီး သုတေ သနပြုလုပ်ဖို့ နမူနာတွေ ကောက်ယူခဲ့မယ်လို့ စဉ်းစားခဲ့ကြပါတယ်။ လုပ်ငန်းစဉ်ကြီးတစ်ခုလုံး ကို အချိန်တိတိကျကျ သတ်မှတ်ခဲ့ကြပါတယ်။ လမျက်နှာပြင်ပေါ်မှာ စူးစမ်းလေ့လာရေးပြု လုပ်မယ့် စက်ရုပ်ဟာ နေစွမ်းအင်သုံးစနစ်ဖြစ်တဲ့ အတွက်ကြောင့် နေရောင် များများရဖို့ အချိန် သေချာတွက်ချက်ခဲ့ကြပါတယ်။ မစ္စတာဆင်းကတော့ အိန္ဒိယ အာကာသ အေဂျင်စီဟာ လက်ရှိကြုံတွေ့ရတဲ့ ပြဿနာကိုဖြေရှင်းပြီး မကြာခင်မှာ နောက်တစ်ကြိမ် လွှတ်တင်နိုင် လိမ့်မယ်လို့ ယုံကြည်တယ်လို့ ပြောပါတယ်။ ဘယ်အချိန်လဲဆိုတာ တိတိကျကျ မသိပေမယ့် သူ့ယုံကြည်မှုကတော့ ပျောက်ပျက် မသွားပါဘူး။
ကလေးများ၏ မျှော်လင့်ချက်
အိန္ဒိယတစ်နိုင်ငံလုံးကလည်း စောင့်ဆိုင်း နေဆဲပါပဲ။ လကမ္ဘာဆီအရောက်သွားနိုင်ဖို့က နိုင်ငံရဲ့ ဂုဏ်သိက္ခာလိုဖြစ်နေပါတယ်။ အထူးသဖြင့် အာကာသအကြောင်း သင်ယူနေကြတဲ့ ကလေးတွေ ကြားထဲမှာ မျှော်လင့်ချက် အကြီးကြီးရှိပါတယ်။ အသက် ၁၂ နှစ်အရွယ် ဗီရွန်နီကာဆော့ဒ် ဟီကတော့ အာကာသယာဉ်မှူး ဖြစ်ချင်သူပါ။ သူဟာ နယူးဒေလီမြို့အနီးက ကျောင်းတစ်ခုမှာ ပညာသင်ကြား နေပါတယ်။ ချန်ဒရာယန်း ၂ လဆင်းယာဉ်နဲ့ ပတ်သက်ပြီး အကြောင်းအရာတိုင်းကို သူလေ့လာ ထားပါတယ်။ လဆင်းယာဉ်လွှတ်တင်တာကို ကြည့်ဖို့ အခွင့်အရေးမရပေမယ့် နောက်တစ်နေ့ကျရင် လွှတ်တင်ပုံကို ရိုက်ထားတဲ့ ဗီဒီယိုကို ပြန်ကြည့်မယ်လို့ အားခဲထားသူလည်း ဖြစ်ပါတယ်။ ဒါပေမယ့် လည်း သူ့ရဲ့ စိတ်ကူးတွေဟာ ဖြစ်မလာခဲ့ပါဘူး။
သတင်းဆိုးသယ်ဆောင်လာ
တနင်္လာနေ့နံနက်ပိုင်းမှာ သူ့မိဘတွေဟာ သူအတွက် သတင်းဆိုးကို သယ်ဆောင်လာပါတယ်။ ကိုယ်တကယ်မျှော်လင့်ထားတဲ့ အရာ ဖြစ်မလာတဲ့အခါ ခံစားရတဲ့ခံစားမှုကို နားလည် သလားလို့ ဗီရွန်နီကာက ပြောပါတယ်။ဒါပေမယ့် ဗီရွန်နီကာရဲ့ ယုံကြည်မှုဟာ လည်း ပျက်မသွားသေးပါဘူး။ နည်းပညာပိုင်း ဆိုင်ရာကြောင့်လို့ ဝမ်းသာတဲ့ လေသံနဲ့ပြောပါတယ်။ နှစ်လ သုံးလလောက်ကြာ ရင်လည်း လဆင်းယာဉ်လွှတ်တင်တာ ဖြစ်နိုင်တာပဲလို့ သူ့ရဲ့ မျှော်လင့်ချက်ကို ပြောပြခဲ့ပါတယ်။ ။
ကိုးကား - နယူးယောက်တိုင်းမ်