၁၇ ဇူလိုင်
ရန်ကုန် မြို့ပြင် ၁၁ နေရာမှာ စက်မှုဇုန်သစ် ၁၁ ခု ကို အကောင်အထည်ဖော်ဖို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ကြိုးစားနေပါတယ်။ ဒီလိုစက်မှုဇုန် သစ်တွေကို အကောင်အထည်ဖော်နိုင်ရေး ကြိုးစားတဲ့အခါ ၂၀၁၉ ခုနှစ် ဇူလိုင် ၁၂ ရက်က ကျင်းပခဲ့တဲ့ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် နဝမပုံမှန်အစည်းအဝေး ၁၅ ရက်မြောက်နေ့မှာ လှည်းကူးမြို့နယ်တွင် ပြုလုပ်မယ့် စက်မှုဥယျာဉ်မြို့တော် စီမံကိန်းနဲ့ ပတ်သက်ပြီး လွှတ်တော်ရဲ့ အဆုံးအဖြတ်ကို ရယူခဲ့ရာမှာ သဘောတူ အတည်ပြုခဲ့ပြီဖြစ်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာ ထန်းတပင် စက်မှုဥယျာဉ်စီမံကိန်း ဆောင်ရွက်ဖို့ ရှိနေပြီ ဖြစ်သလို အခုလည်း လှည်းကူးစက်မှုဥယျာဉ် မြို့တော်စီမံကိန်းကို အကောင်အထည်ဖော်ဖို့ စီစဉ် ဆောင်ရွက်တော့မှာ ဖြစ်ပါတယ်။ လှည်းကူးမြို့နယ်မှာ ဖော်ဆောင်မယ့် စက်မှုဥယျာဉ်စီမံကိန်းဟာ လှည်းကူးမြို့နယ်ရဲ့ ပိုက်ကြီးဝဲရွာ၊ တံခွန်တိုင်ရွာ၊ အုန်းနဲကုန်းရွာနဲ့ ကျွန်းကုန်းရွာက လယ်မြေဧရိယာ အချို့ပေါ်မှာ ဆောင်ရွက်မှာဖြစ်တယ်လို့ ဆိုပါတယ်။
လက်ယာမြေပိုင်ဆိုင်မှု အငြင်းများခြင်းမရှိ
အဲဒီလယ်မြေဧရိယာတွေနဲ့ ပတ်သက်ပြီး ဇူလိုင် ၂ ရက်က ကျင်းပခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် နဝမပုံမှန် အစည်းအဝေးမှာ ကရင် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး နော်ပန်း သဉ္ဇာမျိုး က ''ထန်းတပင်နဲ့ လှည်းကူးမြို့နယ်တွေမှာ ဖော်ဆောင်မယ့် စက်မှုဥယျာဉ်မြို့တော် စီမံကိန်းအတွက် သိမ်းဆည်းလယ်ယာမြေ ၂၀ ရာခိုင်နှုန်းအား လယ်သမားတွေကို မြို့မြေအဖြစ် အကျိုးခံစား ခွင့်ပြန်ပေးမယ်၊ လယ်သမားတွေလည်း သဘောတူ ထားပါတယ်'' လို့ ပြောထားပါတယ်။ ဒါကြောင့်မို့ အဲဒီလယ်ယာမြေတွေနဲ့ ပတ်သက်ပြီး ပိုင်ဆိုင်တဲ့ အငြင်းပွားမှု မရှိတော့ပါဘူး။
လှည်းကူးမြို့နယ်ရဲ့ စက်မှုဥယျာဉ်စီမံကိန်း ဧရိယာအနေအထားကိုကြည့်ရင် ပိုက်ကြီးဝဲရွာမှ တောင်သူ ၃၀ ပိုင်ဆိုင်တဲ့ မြေဧက ၂၀ဝ ဒသမ ၁၉ ဧက၊ တံခွန်တိုင်ရွာမှ တောင်သူ ၉၉ ဦးပိုင်တဲ့ လယ်မြေဧက ၇၅၀ ဒသမ ၃၁ ဧက၊ အုန်းနဲကုန်းရွာမှ တောင်သူ ၂၉ ဦးပိုင်ဆိုင်တဲ့ လယ်မြေဧက ၂၃၉ ဒသမ ၃၉ ဧက၊ ညောင်တခြမ်းရွာမှ တောင်သူ ၁၂ ဦးပိုင်တဲ့ လယ်မြေဧက ၁၁၄ ဒသမ ၄၀၊ ကျွန်းကုန်းရွာမှ တောင်သူ ခုနစ်ဦးပိုင်တဲ့ လယ်မြေ ဧက ၁၇ ဒသမ ၈၄ ဧကတွေပေါ်မှာ အကောင် အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
ပူးပေါင်းအကောင်အထည်ဖော်ရန် အဆိုပြု
အဲဒီစက်မှုဥယျာဉ် စီမံကိန်းကို စင်ကာပူနိုင်ငံမှ ကုမ္ပဏီတစ်ခုနဲ့ မြန်မာနိုင်ငံမှ ပြည်တွင်းကုမ္ပဏီ တစ်ခုတို့ ပူးပေါင်းအကောင်အထည်ဖော်ဖို့ အဆိုပြု ထားတယ်လို့ ဆိုပါတယ်။ ဒီစီမံကိန်းကို ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်က သဘောတူ အတည်ပြုပြီး ဖြစ်တာမို့ ပြည်ထောင်စုလွှတ်တော်ကို တင်ပြခွင့်ပြု ဖို့တော့ ဆက်လက် ဆောင်ရွက်ဖို့ ရှိနေပါတယ်။
လှည်းကူးမြို့နယ်က စက်မှုဥယျာဉ်စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်မယ်ဆိုရင် စုစုပေါင်း အချိန်ကာလကိုးနှစ်ခန့် ကြာမြင့်နိုင်မှာ ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုအမေရိကန်ဒေါ်လာ ၂၂၅ ဒသမ ၂ သန်းခန့် ရှိနိုင်တယ်လို့ဆိုပါတယ်။ ဒီစီမံ ကိန်းကြောင့် အလုပ်အကိုင်အခွင့်အလမ်း ၇၅၀ဝ၀ ခန့် ထွက်ပေါ်လာနိုင်တယ်လို့ သိရပါတယ်။
လှည်းကူးမြို့နယ် စက်မှုဥယျာဉ်စီမံကိန်း အကောင်အထည်ဖော် ပြီးစီးသွားတဲ့အချိန်မှာ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက် လာမှာဖြစ်သလို ကုန်ထုတ်လုပ်မှုတွေလည်း ပိုမိုများပြားတိုးမြင့်လာနိုင်တယ်လို့ ပြည်တွင်း စီးပွားရေးပညာရှင်တွေက သုံးသပ်နေကြပါတယ်။
ကုန်ပစ္စည်း ပြည်တွင်းပြည်ပ ချိတ်ဆက်ပို့နိုင်
လှည်းကူးမြို့နယ်ဟာ ရန်ကုန်မြောက်ပိုင်းခရိုင် မှာ ပါဝင်ပြီး ရန်ကုန်-နေပြည်တော် အမြန် ကားလမ်းမက လှည်းကူးမြို့နယ်အတွင်း ဖြတ်သန်း သွားတဲ့အပြင် ရန်ကုန်-မ္တလေး ကားလမ်းဟောင်း ကလည်း အဲဒီစက်မှုဥယျာဉ်နဲ့ ချိတ်ဆက်သွားလာ နိုင်တာမို့ ထုတ်ကုန်ပစ္စည်းတွေ ပြည်တွင်း ပြည်ပ ချိတ်ဆက်ပို့ဆောင်နိုင်ရေး အဆင်ပြေစေမှာ ဖြစ်ပါတယ်။
ဒါ့အပြင် လှည်းကူးမြို့နယ်ဟာ ဖွံ့ဖြိုးတိုးတက်မှု ဖြစ်ပေါ်လာမှာဖြစ်သလို ဒေသခံလူငယ်တွေ အတွက်လည်း အလုပ်အကိုင် အခွင့်အလမ်းတွေ ရရှိစေမှာ ဖြစ်ပါတယ်။ သီလဝါအထူးစီးပွားရေးဇုန်နဲ့ ဆက်သွယ်နိုင်တဲ့အပြင် သီလဝါနိုင်ငံတကာ ဆိပ်ကမ်းနဲ့လည်း ချိတ်ဆက်နိုင်မှာမို့ အဲဒီစက်မှု ဥယျာဉ်စီမံကိန်းက ထွက်ရှိလာမယ့် ထုတ်ကုန်တွေဟာ ရေလမ်းကတစ်ဆင့် ပြည်ပကို တင်ပို့နိုင်မှာ လည်း ဖြစ်ပါတယ်။
ရန်ကုန်မြို့ ဖွံ့ဖြိုးမှု တွန်းအားပေး
စက်ရုံတွေ၊ စီးပွားရေးလုပ်ငန်းတွေ၊ ကုမ္ပဏီ တွေ၊ အိမ်ရာစီမံကိန်းတွေ ရှော့ပင်းမောတွေ၊ အပန်းဖြေနေရာတွေနဲ့အတူ ထွက်ပေါ်လာဖို့ ရှိနေတဲ့ လှည်းကူးမြို့နယ်က စက်မှုဥယျာဉ်စီမံကိန်းဟာ ရန်ကုန်မြို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေး မြှင့်တင်စေဦးမှာ ဖြစ်ပါတယ်။ ရန်ကုန်မြို့ဟာ စီးပွားရေးမြို့တော်လို့ သတ်မှတ်ထားကြတာနဲ့အညီ လောလောဆယ် စက်မှုဇုန် ၂၉ ခု ရှိနေပြီး အထူး စီးပွားရေးဇုန်တစ်ခုလည်း ရှိနေပါတယ်။
ရန်ကုန်မြို့မှ ၂၇ မိုင်သာဝေးတဲ့ လှည်းကူး မြို့နယ်မှာ ညောင်နှစ်ပင် စီးပွားရေးဇုန် အကောင်အထည်ဖော်ဖို့လည်း ရှိနေတာမို့ အခုစက်မှုဥယျာဉ် စီမံကိန်းလည်း ထွက်ပေါ်လာခဲ့ရင်တော့ ရန်ကုန် မြောက်ပိုင်းခရိုင်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ ရန်ကုန်မြို့ ရဲ့ စီးပွားရေးတိုးတက်မှုကို သိသာစွာအထောက် အကူပြုစေမှာ ဖြစ်ပါတယ်။
စက်မှုဥယျာဉ်စီမံကိန်း
ရန်ကုန်မြို့စည်ပင် ပြင်ပ ၁၁ မြို့နယ်ဖြစ်တဲ့ ကော့မှူး၊ ကွမ်းခြံကုန်း၊ ခရမ်း၊ သုံးခွ၊ တွံတေး၊ သန်လျင်၊ ကျောက်တန်း၊ တိုက်ကြီး၊ မှော်ဘီ၊ လှည်းကူး၊ ထန်းတပင် စတဲ့မြို့နယ်တွေမှာ ဧက ၁၀ဝ၀ ခန့်ရှိတဲ့ စက်မှုဇုန်တွေ ဖော်ထုတ်ဖို့ ရှိနေပါ တယ်။
အဲဒီစက်မှုဇုန်တွေထဲမှာ ထန်းတပင်စက်မှု ဥယျာဉ်စီမံကိန်းက အကောင်အထည်ဖော်မှာ ဖြစ်ပြီး အခုလှည်းကူးမြို့နယ် စက်မှုဥယျာဉ် စီမံကိန်းကလည်း ပြည်ထောင်စုလွှတ်တော်က ခွင့်ပြုပေးပြီးရင်တော့ အကောင်အထည်ဖော်နိုင် တော့မှာ ဖြစ်ပါတယ်။
ဒါကြောင့်မို့ မြန်မာနိုင်ငံရဲ့ စက်မှုဇုန် ၅၃ ရာခိုင်နှုန်းတည်ရှိပြီး တစ်နိုင်ငံလုံး ကုန်သွယ်မှုရဲ့ ၈၅ ရာခိုင်နှုန်းရှိနေတဲ့ ရန်ကုန်တိုင်းဒေသကြီးမှာ မကြာမီကာလအတွင်း လှည်းကူးမြို့နယ် စက်မှုဥယျာဉ် စီမံကိန်းကြောင့် ဖွံ့ဖြိုးတိုးတက်မှုတွေ ထပ်မံမြင့်တက်လာဦးမှာ အမှန်ပါပဲ။
အာကာဟိန်း


