မန္တလေး ၁၇ ဇူလိုင်
၂၀၁၈ ခုနှစ်၊ မေလမှ ၂၀၁၉ ခုနှစ် မတ်လအထိ ကျင်းပခဲ့သော ကမ္ဘာ့အဆင့်၊ အာရှအဆင့်၊ အရှေ့တောင်အာရှ အဆင့်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် အားကစားပြိုင်ပွဲများတွင် အောင်ပွဲရရှိခဲ့သော မန္တလေးတိုင်းဒေသကြီး အားကစားအသင်းများနှင့် အားကစားသမားများအား ဂုဏ်ပြုပွဲကို ယနေ့ နံနက် ၈ နာရီက မန္တလေးမြို့ မြို့တော် ခန်းမတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က အမှာစကား ပြောကြားသည်။ ထို့နောက် အောင်ပွဲရအားကစားအသင်းများ ရရှိခဲ့သည့် ရိုးရာခြင်းလုံး အမျိုးသား၊ အမျိုးသမီး တံခွန်စိုက်ဆုဖလား၊ ရိုးရာလှေလှော်ပွဲ စုပေါင်းတံခွန်စိုက်ဖလား၊ အမျိုးသမီးတံခွန်စိုက်ဖလား၊ အသက်(၂၅)နှစ်အောက် ပြေးခုန်ပစ် စုပေါင်းတံခွန်စိုက်အမျိုးသမီးတံခွန်စိုက်ဆုဖလား၊ ကာယဗလ/ကာယကြံ့ခိုင်မှု တံခွန်စိုက်ဖလား၊ ကရာတေး ဒို စုပေါင်းတံခွန်စိုက်ဆုဖလား၊ ကရာတေးဒို အမျိုးသမီးတံခွန်စိုက်ဖလား၊ သေနတ်ပစ်စုပေါင်း တံခွန်စိုက်ဖလား၊ ဂျူဒို စုပေါင်းတံခွန်စိုက် အမျုးိသားတံခွန်စိုက်ဆုဖလား၊ မသန်စွမ်းစုပေါင်းတံခွန်စိုက်ဆုဖလား၊ အမျိုးသားဖူဆယ်ဘောလုံး တံခွန်စိုက်ဆုဖလား၊ ဝူရှူးအမျိုးသမီးပထမဆုဖလားများ၊ စက်ဘီးအမျိုးသမီး ပထမဆုဖလားများ၊ ဂေါက်သီး အမျိုးသမီးတံခွန်စိုက်ဒိုင်းဆုနှင့် မြန်မာ့သိုင်းအမျိုးသားတံခွန်စိုက်ဒိုင်းတို့ကို အပ်နှံရာ ဝန်ကြီးချုပ်က လက်ခံရယူခဲ့သည်။
ဆက်လက်ပြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးနှင့် ဒုတိယဥက္ကဋ္ဌ ဒေါက်တာခင်မောင်ဌေးတို့က အောင်ပွဲရ မန္တလေးတိုင်းဒေသကြီး အားကစားအသင်းများ၊ တစ်ဦးချင်း ဆုတံဆိပ်ရ အားကစားသမားများအား ဂုဏ်ပြုဆုငွေများ ပေးအပ်ရာ အောင်ပွဲရအားကစားအသင်းများနှင့် အားကစား သမားများက လက်ခံရယူကြပြီး အောင်ပွဲရ မန္တလေးတိုင်းဒေသကြီး အားကစားအသင်းများကိုယ်စား ကရာတေး ဆပ်ကော်မတီ ဥက္ကဌ ဦးဇော်နိုင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ကမ္ဘာ့အဆင့်၊ အာရှအဆင့်၊ အရှေ့တောင်အာရှ အဆင့်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် အားကစား ပြိုင်ပွဲများတွင် အောင်ပွဲရရှိခဲ့သော မန္တလေးတိုင်းဒေသကြီး အားကစားအသင်းများနှင့် အားကစားသမားများအား ဂုဏ်ပြုပွဲတွင် အသင်းများနှင့် အားကစားသမားများအား ကျပ်သိန်းပေါင်း ကိုးရာခြောက်ဆယ့်ခုနှစ်သိန်းခြောက်သောင်း ချီးမြှင့်ဂုဏ်ပြုခဲ့ကြောင်း သိရှိရသည်။
(ထွန်းထွန်းနိုင်)


