၁၇ ဇူလိုင်
သခွပ်မြစ် ခေါ် ပုသိမ်မြစ်သည် အလျား ၂၇ မိုင်ခန့်ရှိပြီး ရန်ကုန်မြစ်မှ ကော့မှူးမြို့နယ်နှင့် ကွမ်းခြံကုန်းမြို့နယ်တို့ကို ဖြတ်သန်းကာ တိုးမြစ်အတွင်း စီးဝင်လျက်ရှိသည်။ ယခင်က မြစ်ကြောင်းကောင်းမွန်ပြီး လှေ၊ သင်္ဘောကြီးများ သွားလာနိုင်သော်လည်း ရန်ကုန်မြစ်မှ ကော့မှူးမြို့နယ် ကမာကနီးကျေးရွာ အနီး ၆ ဒသမ ၅ မိုင်ခန့်သာ ရေစီးရေလာရှိသည့် အခြေအနေသို့ တိမ်ကောလာခဲ့သည်။

ထိုသို့ တိမ်ကောလာသည့်အတွက် ကွမ်းခြံ ကုန်းမြို့နယ်အစပ်တွင် ရေမြောင်းငယ်ပမာ ဖြစ်ပေါ်လာခဲ့ကာ နှစ်စဉ်ရေလျှံခြင်းကြောင့် အကြိမ်ကြိမ် ပြန်လည်စိုက်ပျိုးရခြင်း၊ ရေနစ်ခံနိုင်သော စပါးများသာ စိုက်ပျိုးရခြင်းစသည့် အခြေအနေသို့ ဆိုက်ရောက်လာခဲ့သည်။ ချောင်းမြောင်း တိမ်ကောမှုများကြောင့် လယ်ယာ မြေများသည် နှစ်စဉ်ရေကြီးရေလျှံကာ စပါး အထွက်နှုန်း ကျဆင်းသည့် အခြေအနေကိုလည်း ရင်ဆိုင်ခဲ့ရသည်။

မြောင်းကောများတူးဖော်ရန် တင်ပြခဲ့
ထိုကဲ့သို့ ရေကြီးရေလျှံမှုကြောင့် တောင်သူများ တွေ့ကြုံရသည့် စိုက်ပျိုးရေး အခက်အခဲများကို ကျော်လွှားနိုင်ရန်အတွက် ပြည်သူတို့၏ ကိုယ်စား ကွမ်းခြံကုန်းမဲဆန္ဒနယ် ပြည်သှူ လွှတ်တော်ကိုယ်စားလှယ် ဦးစိုးသူရထွန်းနှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ထွေးတို့သည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် ပူးပေါင်းကာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေတို့မှ သခွပ်မြစ် ဧရိယာ ကော့ဒွန်းရွာမှ ကြခတ်ရွာအထိ မြောင်း အလျား ၆ ဒသမ ၂ မိုင် တူးဖော်ခြင်းလုပ်ငန်း အကောင်အထည်ဖော်ရန်နှင့် ကွမ်းခြံကုန်းမြို့နယ် အတွင်းရှိ ချောင်းကော မြောင်းကောများတူးဖော် ရန်အတွက် တင်ပြခဲ့ကြကြောင်း သိရသည်။
ရေကြီးနစ်မြုပ်မှု လျော့နည်းသက်သာခဲ့
၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေ ရရှိခဲ့သောကြောင့် ကွမ်းခြံကုန်းမြို့နယ်အတွင်း ရေကြီးနစ်မြုပ်မှု လျော့နည်းသက်သာစေရေးအတွက် ကွင်းရေများ ထုတ်နုတ်နိုင်ရန်အတွက် ရေနုတ်မြောင်းတူးဖော်ခြင်းလုပ်ငန်းများ ဆောင် ရွက်နိုင်ခဲ့သည်။ ကော့ဒွန်းရွာမှ မြိုင်သာယာရွာအထိ အလျား ၆ ဒသမ ၂ မိုင် တူးဖော်ပေးနိုင်ခဲ့ သည့်အတွက် ကွမ်းခြံကုန်းမြို့နယ် အနောက်တောင်ဘက်ခြမ်းရှိ ကျေးရွာများ ရေကြီးနစ်မြုပ်မှု လျော့နည်းသက်သာခဲ့သည်။
ထိုသို့ဆောင်ရွက်ခဲ့မှုနှင့် စပ်လျဉ်း၍ ကွမ်းခြံ ကုန်းမဲဆန္ဒနယ် ပြည်သှူလွှတ်တော် ကိုယ်စားလှယ် ဦးစိုးသူရထွန်းက “ဒေသက လယ်ယာ စီးပွားနဲ့ ရေလုပ်ငန်းနဲ့ အခြေခံတည်မှီနေကြတာပါ။ ဒီဒေသက တောင်သူလယ်သမားတွေရဲ့ လယ်တွေ နှစ်တိုင်းရေကြီးနေတာ နှစ် ၂၀ လောက် ရှိပါပြီ။ တောင်သူတွေဟာ သူတို့ရဲ့ လယ်ယာကဏ္ဍအတွက် ခက်ခဲပင်ပန်းနေကြရတဲ့ အခြေအနေမို့ ကြိုးစားခဲ့ကြတာပါ။ ပြည်ထောင်စုနဲ့ တိုင်း ဒေသကြီးအစိုးရအဖွဲ့ကလည်း ရန်ပုံငွေချထား ပေးတဲ့အတွက် ဒီပြဿနာ ပြေလည်သွားပါတယ်” ဟု ပြောကြားသည်။
စပါးပိုထွက်မယ်လို့ မျှော်လင့်
ငှက်ကြီးဒေါင်ကျေးရွာနှင့် ကော့ဒွန်းကျေးရွာ နယ်နိမိတ်အတွင်း လယ်ယာစိုက်ပျိုးရေး လုပ်ကိုင်နေသော တောင်သူဦးရီဝင်းက “ကွမ်းခြံကုန်း မြို့နယ်က သခွပ်မြစ်ကောကို တစ်စိတ်တစ်ပိုင်း ပြန်တူးဖော်လိုက်တဲ့အတွက် ကျွန်တော်တို့ လယ်တွေဟာ အများကြီး အကျိုးဖြစ်ထွန်းလာ ပါတယ်။ တစ်ဧကကို ဘေးကြားလို စပါးမျိုးတင်း ငါးဆယ်ထွက်ဖို့ အတော်ကြိုးစားရပါတယ်။ အရင် က ရေကြီးရေလျှံဖြစ်တဲ့အခါ ဧက ၃၀ဝ၀ လောက်မှာ အနည်းဆုံး ၃၀ဝ လောက်က ပျက်သွားပါတယ်။ ခုဆိုရင် ရေလွှမ်းတာ တော်တော် သက်သာသွားပြီးတော့ စိုက်ပျိုးရတာ အဆင်ပြေပါတယ်။ ဒီနှစ်လည်း တချို့အပိုင်းတွေ ထပ်တူးပေးတာမို့ စပါးပိုထွက်မယ်လို့ မျှော်လင့်ပါတယ်” ဟု ပြောကြားသည်။
ကော့ဒွန်းကျေးရွာမှ တောင်သူ ဒေါ်စန်းစန်းအေးက “သခွပ်မြစ်ကော တူးဖော်မှုကြောင့် ရေလျှံမှု မရှိသလောက် ဖြစ်သွားတာကို ဒေသခံ တစ်ယောက်အနေနဲ့ ဝမ်းသာကျေးဇူးတင် ပါတယ်။ ကျွန်မရဲ့ လယ် ၁၂ ဧကက ပုံမှန်ဆို မျိုးစပါး ကိုးပြည် ပုံမှန်သုံးရပါတယ်။ မြောင်းမတူး ခင်ကဆိုရင် တစ်ကြိမ် စိုက်လိုက်၊ ပျက်လိုက်၊ ထပ်စိုက်လိုက်၊ ပျက်လိုက်နဲ့ သုံးကြိမ်လောက် စိုက်ရတယ်။ ဒီလိုထပ်ခါထပ်ခါ ပြန်စိုက်ရတော့ မျိုးစပါး သုံးဆပိုကုန်တယ်။ အလုပ်သမားခလည်း ပိုကုန်တယ်။ လူကုန် ငွေကုန် အချိန်ကုန်ဖြစ် ရပါတယ်”ဟု ပြောပြသည်။
ရေထိန်းတံခါးဖြစ်လာဖို့ လိုအပ်နေ
“ရေကြီးမှုမရှိတော့လို့ အဆင်ပြေသွား ပေမယ့် ရေချိုသွင်းပြီး နွေစပါးစိုက်နိုင်ရင် နှစ်သီးစား၊ သုံးသီးစားဖြစ်မှာမို့ ဒီမြစ်ကြီးကို ရေငန်တားနိုင်မယ့် ရေထိန်းတံခါး ဖြစ်လာဖို့ အတွက် လိုအပ်နေပါသေးတယ်။ ဒီအတွက် အားလုံးကြိုးစားကြရဦးမှာပါ” ဟု ကွမ်းခြံကုန်း မဲဆန္ဒနယ်မှ ပြည်သှူလွှတ်တော်ကိုယ်စားလှယ် ဦးစိုးသူရထွန်း က ပြောသည်။
ပင်လယ်နှင့် နီးစပ်ပြီး စပါးစိုက်ကွင်းများစွာ တည်ရှိနေသည့်အတွက် အရှေ့ဘက်မှာ ဟင်းအိုး၊ အနောက်ဘက်မှာ ထမင်းအိုးဟု ဂုဏ်ယူခဲ့ကြသော၊ ဆရာကြီး မင်းသုဝဏ်မွေးဖွားရာ ဇာတိအဖြစ် ဂုဏ်ယူခဲ့ကြသော ယင်းဒေသမှ ပြည်သူများ၏ စိုက်ပျိုးကဏ္ဍ အဆင်ပြေစေရန် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဘို့ဒင်မှ ကော့ဒွန်းအထိ အလျား ၅ ဒသမ ၃ မိုင် တူးဖော်ဆောင်ရွက်ခြင်းနှင့် ယခင်တူးဖော်ထားသော ရေနုတ်မြောင်း အောက်ခြေအကျယ်ချဲ့ခြင်းနှင့် နုန်းတူးဖော်ခြင်း လုပ်ငန်း ၆ ဒသမ ၂၅ မိုင် ဆောင်ရွက်ရန်နှင့် ကံလျားရှည်ရေတံခါး ပြုပြင်တည်ဆောက်ရန် ရန်ပုံငွေ တင်ပြတောင်းခံထားကြောင်း သိရှိရသည်။
လယ်ယာမြေများ ပျက်စီးမှုဖြစ်ပေါ်နိုင်
သခွပ်မြစ်၏ ဘို့ဒင်မှ ကမာကနီးအပိုင်းသည် ကော့မှူးမြို့နယ်တွင် တည်ရှိပြီး ယခုအခါ ဘို့ဒင်ရွာမှ ကမာကနီးအပိုင်း မြစ်ကောအတွင်း ကျေးရွာများ၊ လယ်မြေများ၊ ဆက်သွယ်ရေး လမ်းများ၊ လူနေအဆောက်အဦများ တည်ရှိ နေသည့်အတွက် ထိုအပိုင်း တူးဖော်ဆောင်ရွက်မည်ဆိုပါက အိမ်ခြေအဆောက်အဦများ၊ လယ်ယာမြေများကို ဖယ်ရှားရှင်းလင်းရမည် ဖြစ်သည့်အပြင် ရန်ကုန်မြစ်မှ ရေငန်များ ဝင်ရောက်လာနိုင်သည့်အတွက် လက်ရှိစိုက်ပျိုး နေသော လယ်ယာမြေများ ပျက်စီးမှုဖြစ်ပေါ်နိုင် ကြောင်း သိရသည်။
ရေကြီးရေလျှံမှုကြောင့် တောင်သူများ တွေ့ကြုံရသည့် စိုက်ပျိုးရေး အခက်အခဲများကို ကျော်လွှားနိုင်ရန်အတွက် ဆောင်ရွက်ပြီးစီးခဲ့သည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ ရန်ကုန် တောင်ပိုင်းခရိုင် ဆည်မြောင်းနှင့် ရေအသုံးချ မှု စီမံခန့်ခွဲရေးဦးစီးဌာနမှ လက်ထောက် ညွန်ကြားရေးမှူး ဦးဝင့်နိုင်က “ရန်ကုန်တိုင်း ဒေသကြီးအတွင်းက လှည်းကူး၊ ဒဂုံမြို့သစ်၊ ထန်းတပင်၊ မှော်ဘီ၊ တိုက်ကြီး၊ သန်လျင်၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွ၊ ကော့မှူး၊ ကွမ်းခြံ ကုန်း၊ တွံတေးနဲ့ ဒလမြို့နယ်တွေမှာ ချောင်းကော မြောင်းကောတွေ ပြန်လည်တူးဖော်တာ၊ တာတမံတွေ ပြုပြင်တည်ဆောက်တာနဲ့ ရေတံခါး တွေ ပြုပြင်တည်ဆောက်တာ ဒီလုပ်ငန်းတွေကို ဆောင်ရွက်ခဲ့ပါတယ်” ဟု ပြောကြားသည်။
စည်ပင်ဖွံ့ဖြိုးလာလျက်ရှိ
နိုင်ငံတော်အစိုးရ၏ ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော် ဆောင်ရွက်မှုများနှင့် အတူ လွှတ်တော်ကိုယ်စားလှယ်များ၏ ကြိုးပမ်းမှု၊ ပြည်သူများ၏ ပူးပေါင်းပါဝင်မှုများဖြင့် ကွမ်းခြံကုန်းမြို့သည် ယခုအစိုးရ သုံးနှစ်တာကာလအတွင်း လယ်ယာ ကဏ္ဍဖွံ့ဖြိုးမှုကိုလည်းကောင်း၊ မြို့ပေါ်ရှိ လမ်းအားလုံးနီးပါး ကွန်ကရစ်လမ်းများ အဖြစ် လည်းကောင်း၊ ကျေးရွာချင်းဆက် လမ်းများဖြင့်လည်းကောင်း စည်ပင်ဖွံ့ဖြိုးလာ လျက်ရှိသည်။ ။
ရှင်မင်း