တိုက်ချင်းပစ်ဒုံးကျည်အစီအစဉ်နှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးရန် မျှော်လင့်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်၏ ပြောကြားချက်ကို အီရန်နိုင်ငံက ပယ်ချလိုက်သည်။
ဒေါ်နယ်ထရန့်က ဇူလိုင် ၁၆ ရက်တွင်ကျင်းပသည့် အိမ်ဖြူတော် အစိုးရအဖွဲ့အစည်းအဝေးတွင် ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ဒုံးကျည်အစီအစဉ်နှင့်ပတ်သက်၍ စေ့စပ်ညှိနှိုင်းရန် ပြင်ဆင်ထားခဲ့ကြောင်း အီရန်နိုင်ငံက ပထမဆုံးအကြိမ် အရိပ်အမြွတ်ပြောကြားခဲ့သည်ဟု အစည်းအဝေးအတွင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုက ပြောသည်။
ဒုံးကျည်အစီအစဉ်မှာ စေ့စပ်ညှိနှိုင်း၍ရကြောင်း အီရန် နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဂျာဗတ်ဇာရစ်ဖ်က အကြံပြုခဲ့သည်ဟု အမေရိကန်မီဒီယာများက အစောပိုင်းတွင် ဖော်ပြခဲ့သည်။
ဘာတွေဖြစ်မည်ကို မြင်တွေ့ရမည်ဖြစ်သော်လည်း တိုးတက်ဖြစ်ထွန်းမှုများစွာ လုပ်ဆောင်ခဲ့ပြီးဖြစ်ကြောင်း ထရန့်က ပြောသည်။
အမေရိကန်က အီရန်နိုင်ငံကို ကူညီလိုသော်လည်း အစိုးရအပြောင်းအလဲဖြစ်ရန် မမျှော်လင့်ကြောင်း သူကဆိုသည်။ ကုလသမဂ္ဂဆိုင်ရာ အီရန်မစ်ရှင်ရုံးက မီဒီယာသတင်းများကို ငြင်းဆန်ခဲ့သည်။
အီရန်နိုင်ငံ၏ ဒုံးကျည်များကို သေချာပေါက် ဆက်ထုတ်မည်ဖြစ်သလို မည်သည့်နိုင်ငံနှင့်မျှ စေ့စပ်ညှိနှိုင်းမည်မဟုတ်ဟု ပြောရေးဆိုခွင့်ရှိသူတစ်ဦးက တွစ်တာ၌ ရေးသားခဲ့သည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်