ပခုက္ကူ ၁၇ ဇူလိုင်
ပခုက္ကူတက္ကသိုလ် သတ္တဗေဒဌာနနှင့် သားငှက်ထိန်းသိမ်းရေး၊မြန်မာနိုင်ငံအစီအစဉ် (WCS)၊ ဇီဝမျိုးစုံ မျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးအသင်း(BANCA) တို့ပူးပေါင်း၍ ငှက်ကြည့်လေ့လာနည်းသင်တန်းဆင်းပွဲကို ဇူလိုင် လ ၁၇ ရက် နံနက် ၉ နာရီခွဲက အဆိုပါတက္ကသိုလ် ပင်မဆောင်အခန်း(၃၀၆)ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပခုက္ကူမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဆောင်နှင့် ပခုက္ကူတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ သက်လွင်တို့က သင်တန်းဆင်း အမှာစကား ပြောကြားကြသည်။
ထို့နောက် ပခုက္ကူတက္ကသိုလ်၊ သတ္တဗေဒဌာနမှ ပါမောက္ခ ဌာနမှူး ဒေါက်တာထွေးထွေးက သတ္တဗေဒ ကျောင်းသား/သူများ အနေဖြင့် ဇီဝမျိုးစုံမျိုးကွဲများအကြောင်း အသေးစိတ် လေ့လာနိုင်သည့်အပြင် ဇီဝမျိုးစုံမျိုးကွဲများ အန္တရာယ်ကျရောက်မှု လျှော့ချခြင်း လုပ်ငန်းများတွင်လည်း တက်ကြွစွာ ပါဝင်လုပ်ဆောင် နိုင်မည်ဖြစ်ကြောင်း၊ သုတေသန ပြုလုပ်ဆဲနှင့် ပြုလုပ်မည့် သတ္တဗေဒကျောင်းသား / သူများအား ငှက်သန်းခေါင်စာရင်း(Bird Census Techniques) အကြောင်းကို နည်းစနစ်တကျ နားလည်စေရန် သင်ကြားပေးခြင်းကြောင့် မြန်မာနိုင်ငံရှိ ငှက်များအကြောင်း သိရှိနားလည်ပြီး မိမိတို့၏ ကိုယ်ပိုင်လုပ်ငန်းများ၊ အလုပ်အကိုင် အခွင့်အလမ်းများအတွက် အကျိုးဖြစ်ထွန်းသည့် သင်တန်းဖြစ်ကြောင်းတို့ဖြင့် ငှက်ကြည့်လေ့လာနည်း သင်တန်းဖွင့်လှစ်သင်ကြားပေးရခြင်းရည်ရွယ်ချက်များအကြောင်း ပြောကြားသည်။
ဆက်လက်၍ သားငှက်ထိန်းသိမ်းရေး မြန်မာနိုင်ငံအစီအစဉ်(WCS)မှ ငှက်ပညာရှင် ဦးသက်ဇော်နိုင်က သားငှက်တိရစ္ဆာန်များစာရင်း ကောက်ယူခြင်း၊ ကင်းလှည့်ထိန်းသိမ်းခြင်းစနစ်များ၊ ခြိမ်းခြောက်မှုများ လေ့လာစစ်ဆေးခြင်းနှင့် အုပ်ချုပ်လုပ်ကိုင်မှု စီမံချက်ရေး ဆွဲခြင်းစသည့်ဘာသာရပ်များဖြင့် ငှက်ကြည့်လေ့လာနည်း သင်တန်းတွင် စာတွေ့လက်တွေ့များဖြင့် သင်ကြားပို့ချသည့် အကြောင်းများနှင့် မြန်မာနိုင်ငံရှိ ငှက်မျိုးစုံအကြောင်းတို့ကို ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းတက်ရောက်သည့် ပခုက္ကူတက္ကသိုလ်၊သတ္တဗေဒ၊မဟာတန်း(နောက်ဆုံးနှစ်) ကျောင်းသား တစ်ဦးက သင်တန်းတွင် ငှက်ကြည့်လေ့လာနည်းများကို စာတွေ့လက်တွေ့များဖြင့် သင်ကြားပေးသောကြောင့် ပခုက္ကူတက္ကသိုလ်ကျောင်းဝန်းနှင့်ပခုက္ကူမြို့အတွင်းရှိငှက်များအကြောင်းကွင်းဆင်းလေ့လာသိရှိရကြောင်း၊ ထို့အပြင် မြန်မာ့ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေး လုပ်ငန်း၏ အကျိုးရလဒ်များ သိရှိနားလည်လာပြီး တိရစ္ဆာန်မျိုးစုံမှငှက်အကြောင်း သုတေသနစာတမ်းပြုစုမည့် ကျောင်းသား/သူများအတွက် အမှန်တကယ်အကျိုးရှိသောသင်တန်းဖြစ်ကြောင်း ငှက်ထိန်းသိမ်းရေးနှင့် အလုပ်အကိုင် အခွင့်အလမ်း ရရှိရေးနည်းလမ်းများအား ပိုမိုသိရှိရသည့်အတွက် အကျိုးများစွာ ရှိသည့်သင်တန်းတစ်ခုဖြစ်ကြောင်း ပြောသည်။
ထိုသင်တန်းတွင် သားငှက်ထိန်းသိမ်းရေး မြန်မာနိုင်ငံအစီအစဉ် Wildlife Conservation Society (WCS)မှ ငှက်ပညာရှင် ဦးသက်ဇော်နိုင်၊ ဇီဝမျိုးစုံကွဲနှင့်သဘာဝထိန်းသိမ်းရေးအသင်း Biodiversity and Nature Conservation Association(BANCA)မှ ငှက်ပညာရှင် ဒေါက်တာသီရိဒေဝီအောင်တို့နှင့် သင်တန်းနည်းပြ(၄)ဦး တို့ကစာတွေ့လက်တွေ့သင်ကြားပေးပြီး ပခုက္ကူတက္ကသိုလ်၊ သတ္တဗေဒဌာနမှ ကျောင်းသား/သူ (၃၁၂)ဦး တက်ရောက်သင်ကြားလျက်ရှိသည်။
သင်တန်းဆင်းပွဲသို့ ပခုက္ကူမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဆောင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပခုက္ကူတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသက်လွင်၊ သတ္တဗေဒဌာနမှ ပါမောက္ခဌာနမှူး၊ ဆရာ/ဆရာမများ၊ သင်တန်းနည်းပြများနှင့် သတ္တဗေဒဌာနမှ သင်တန်းသား/သူများ တက်ရောက်ကြကြောင်း သိရသည်။
ဆလိုင်းကိုကီး


