ရေဖြူ ၁၇ ဇူလိုင်
၂ဝ၂ဝ အထွေထွေ ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်များ မဲပေးပိုင်ခွင့် အပြည့်အဝ ရရှိစေရန်အတွက် လူဦးရေ စာရင်းအချက်အလက်များ ကောက်ယူပြုစုခြင်း၊ အခြေခံ မဲဆန္ဒရှင်စာရင်း ပြုစုခြင်းဆိုင်ရာ သင်တန်းကို ယနေ့ နံနက် ၁၀ နာရီက ရေဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အောင်သာဝတီ အစည်းအဝေး ခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်လူဦးရေစာရင်းကောက်ယူရေး လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှိုင်းမောင်မောင်က အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် မြို့နယ်လူဦးရေစာရင်း ကောက်ယူရေးအဖွဲ့ အတွင်းရေးမှူး ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီက သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သတ်၍ ရှင်းလင်းပြောကြားသည်။
သင်တန်းတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီ၊ မြို့နယ်ရွေးကောက်ပွဲ အရာရှိ ဒေါ်ဇင်မာအောင်၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန၊ ဦးစီးမှူး ဦးတင့်လွင်တို့က ရွေးကောက်ပွဲတွင် လိုအပ်မည့် အခြေခံလူဦးရေစာရင်းနှင့် အချက်အလက်များ ကောက်ယူပြုစုခြင်း၊ အခြေခံမဲဆန္ဒရှင် စာရင်းပြုစုခြင်း၊ စံနှုန်းသတ်မှတ်ခြင်းနှင့် ယာယီအိမ်ထောင်စု လူဦးရေစာရင်း ထုတ်ပေးခြင်း၊ ကွန်ပျူတာ စာရင်းသွင်း ပြုစုခြင်း စသည့် အကြောင်းအရာ များကို ရှင်းလင်းဆွေးနွေး သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဖွင့်လှစ်သော လူဦးရေစာရင်း အချက်အလက်များ ကောက်ယူပြုစုခြင်းဆိုင်ရာ သင်တန်းသို့ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၂၂ အုပ်စုမှ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စာရေးများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် ပညာရေးဌာန ဝန်ထမ်းများ စုစုပေါင်း ၂၀ဝ ခန့် တက်ရောက်ခဲ့ကြပြီး သင်တန်းသို့ တက်ရောက်လာသော သင်တန်းသူ/သင်တန်းသားများက သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းခဲ့ကြကြောင်း သိရသည်။
ရေဖြူ (ပြန်/ဆက်)


