မန္တလေး ၁၇ ဇူလိုင် 


(၇၂)နှစ်မြောက် အာဇာနည်နေ့ကို ဂုဏ်ပြုသောအားဖြင့် ရွှေကြယ်စင်လေအိတ် ခရီးသည်တင် အဝေးပြေး မော်တော်ယာဉ်အသင်းက ဇူလိုင် ၁၉ ရက်တွင်  အခမဲ့ ပြေးဆွဲမည်ဖြစ်ကြောင်း အသင်း ဥက္ကဌ ဦးစိန်သောင်းက ပြောသည်။


ယခုလ ၁၉ ရက်တွင် ကျရောက်မည့် (၇၂)နှစ်မြောက် အာဇာနည်နေ့မှာ ခရီးသည်များအား အခမဲ့ လိုက်ပါစီးနင်းခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။ အာဇာနည်နေ့ ရောက်တိုင်းယခုလို ယာဉ်လိုင်း အခမဲ့ပြေးဆွဲပေးသည်မှာ လေးနှစ်ရှိပြီဖြစ်ကြောင်း သိရသည်။


"တိုင်းပြည်အတွက် စွန့်လွှတ်အနစ်နာခံပြီး သက်စတေးခဲ့ရတဲ့ ကျွန်တော်တို့ရဲ့အာဇာနည် ခေါင်းဆောင်ကြီးတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ဖြစ်သလို လုပ်သားပြည်သူကို နေ့ထူးနေ့မြတ်မှန်း သိရှိအောင် ခရီးသည်တွေကို အခမဲ့ပြေးဆွဲပေးမှာပါ" ဟု  ဥက္ကဌ ဦးစိန်သောင်းက ပြောသည်။


ဇူလိုင်လ ၁၉ ရက်တွင်  ရွှေကြယ်စင်ကားအသင်း၏ ပုံမှန်ပြေးဆွဲနေကြ ကားတွေဖြစ်တဲ့ မန္တလေး-ရွှေဘို-ကာဘိုး-ဇီးကုန်းခရီးစဉ်တွင် ယာဉ် ၄ စီး၊ ကန့်ဘလူ-ကျွန်းလှခရီးစဉ်တွင် ယာဉ် ၂ စီး၊ မန္တလေး-ရေဦး-တန်ဆည်ခရီးစဉ်တွင် ယာဉ်ကြီး ၂စီး နှင့်ယာဉ်ငယ် ၂ စီး၊ ကောလင်းခရီးစဉ် ၁စီး၊ ထန်းကုန်းခရီးစဉ် ၁ စီးစသည့် ခရီးစဉ်အသီးသီးတွင် ခရီးသွားပြည်သူများအား အခမဲ့ သယ်ယူပို့ဆောင်ပေးသွားမည် ဖြစ်သည်။


အခမဲ့ ပြေးဆွဲပေးမှုနှင့်ပတ်သက်ပြီး “အခမဲ့ပြေးဆွဲပေးရာမှာ တစ်နေ့တာ လိုအပ်သမျှ စက်သုံးဆီကို ရွှေကြယ်စင် စက်သုံးဆီ ရောင်းဝယ်ရေးက လှူဒါန်းပြီး ယာဉ်ပိုင်ရှင်၊ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေကလည်း သူတို့လုပ်အားကို လှူဒါန်းသွားမှာပါ'' ဟု ဦးစိန်သောင်းက ဆက်လက်ပြောကြားသည်။


အခမဲ့ဖြစ်သည့်အတွက် ခုံလက်မှတ်များကို ဦးရာလူစနစ်ဖြင့် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


အိမို့မို့ခိုင်