တနင်္သာရီ ၁၇ ဇူလိုင် 


၂ဝ၂ဝ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားများအားလုံး မဲပေးခွင့်မဆုံးရှုံးစေရေးအတွက် တိကျမှန်ကန်သော မဲဆန္ဒရှင်စာရင်းများ ကောက်ယူရရှိနိုင်ရန်အတွက် လူဦးရေအချက်အလက်များ ကောက်ယူပြုစုခြင်းနှင့် အခြေခံမဲဆန္ဒရှင်စာရင်း ပြုစုခြင်းဆိုင်ရာ(ဆင့်ပွါး) သင်တန်းဖွင့်ပွဲကို တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် တနင်္သာရီခန်းမအတွင်း ယနေ့ နံနက် ၉ နာရီက ကျင်းပသည်။


အခမ်းအနားတွင် မြို့နယ်လူဦးရေ စာရင်းကောက်ယူရေးလုပ်ငန်းကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနိုင်က အဖွင့်အမှာစကားပြောကြားပြီး ကော်မတီအတွင်းရေးမှူး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်း သန်းထိုက်စိုးမှ သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များအား ရှင်းလင်းချပြဆွေးနွေးခဲ့သည်။


သင်တန်းတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသန်းထိုက်စိုး၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးအရာရှိ ဦးဝင်းမော်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဦးစီးအရာရှိ ဦးသန့်ဇင်မင်းတို့က လူဦးရေစာရင်းနှင့်အချက်အလက်များကောက်ယူပြုစုခြင်းနှင့်စီစစ်ခြင်း၊ အခြေခံမဲဆန္ဒရှင်စာရင်းပြုစုခြင်း၊ ပြောင်းလဲနေသောလူဦးရေစာရင်းနှင့် အခြေခံမဲဆန္ဒရှင် စာရင်းများကို လစဉ်ပြုစုခြင်း၊ ပြင်ဆင်ခြင်း၊ ထိန်းသိမ်းခြင်းနှင့် အခြေခံမဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာခြင်းတို့အား သတ်မှတ်ပုံစံ များနှင့်အတူ ဇူလိုင်လ ၁၇ ရက်နှင့် ၁၈ ရက်အထိ နှစ်ရက်အကြာ လက်တွေ့သင်ကြား ပို့ချပေးမည်ဖြစ်ပြီး၊ ရပ်ကွက်လေးရပ်ကွက်နှင့် ကျေးရွာအုပ်စု(၁၉)စုတို့မှ အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ၊ ကျန်းမာရေး ဆရာ/ဆရာမများ၊ ပညာရေးဌာန ဆရာ/ဆရာမများနှင့် ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဌများ စုစုပေါင်း ၁၅ဝ သင်တန်း တက်ရောက်ကြမည်ဖြစ်ကြောင်း သိရှိရသည်။


နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)