ဂျေရုစလင် ၁၇ ဇူလိုင်
အစ္စရေး ရှေးဟောင်းသုတေသနပညာရှင်များသည် ဂျေရုစလင်မြို့ အနောက်ဘက် ၅ ကီလိုမီတာတွင် သမိုင်းမတင်မီကာလ နှစ်ပေါင်း ၉၀ဝ၀ ကျော်က လူများ အခြေချနေထိုင်ခဲ့သည့် နေရာတစ်ခုကို တွေ့ရှိခဲ့ကြောင်း ယမန်နေ့က ထုတ်ဖော်ပြောကြားလိုက်သည်။
အဆိုပါ ဧရိယာကို ကြီးကြပ်တူးဖော်နေသည့် ရှေးဟောင်းသုတေသန အဖွဲ့၏ ထုတ်ပြန်ချက်အရ ကျောက်ခေတ် ခေတ်ဦးကာလက အခြေချ နေထိုင်ခဲ့ကြသည့် နေရာများအနက် တစ်ခုဖြစ်ကြောင်း သိရသည်။
အရေအတွက် ထောင်ချီတဲ့ မြားခေါင်းများ၊ လက်ဝတ်ရတနာနှင့် ရုပ်တုအပိုင်းအစများ တူးဖော်တွေ့ရှိခဲ့ကြောင်း၊ အခြေချနေထိုင်သူ အနည်းဆုံး ၂၀ဝ၀ ကနေ ၃၀ဝ၀ ထိ ရှိကြောင်း၊ အဆိုပါ ဧရိယာအတွင်း ကြီးမားသည့် အဆောက်အဦများ၊ လူနေဆောင်များ၊ အများပြည်သူဆိုင်ရာ အဆောက်အဦများ၊ ရိုးရာဓလေ့ဆိုင်ရာ နေရာများကို ပါရှိကြောင်း သိရသည်။

အဆောက်အဦများကြားတွင် ဆက်သွယ်ထားသည့် လမ်းများကို ကြည့်ခြင်းဖြင့် အခြေချနေထိုင်ခဲ့ကြသူများသည် စီမံကိန်းရေးဆွဲမှု အဆင့်မြင့်မားကြောင်း ခန့်မှန်းရသည်။ အချို့အဆောက်အဦများတွင် ပမာဏများပြားသည့် ပဲစေ့များကိုလည်း တွေ့ရသည်။
ဒီတွေ့ရှိချက်က စိုက်ပျိုးရေး ကဏ္ဍမှာ ကြပ်ကြပ်မတ်မတ် လေ့ကျင့်ပျိုးထောင်ခဲ့သည်ကို သက်သေပြနေကြောင်း သုတေသီများက ဆိုသည်။ ရှေးခေတ် အခြေချနေထိုင်သူများအတွက် အသုံးဝင်သည့် ပစ္စည်းများ သို့မဟုတ် အဖိုးတန်ပစ္စည်းများ သိုလှောင်သိမ်းဆည်းရာ နေရာကိုလည်း တွေ့ရှိခဲ့ကြောင်း သိရသည်။
သုတေသီများက အမျိုးအစားမသိရသည့် ကျောက်ဖြင့် လုပ်ထားသော အခေါင်းများ၊ အနာတိုလီယာဒေသမှ မီးတောင်အပိုင်းအစများဖြင့် ပြုလုပ်ထားသည့် ပစ္စည်းများ၊ မြေထဲပင်လယ်မှ ပင်လယ်သတ္တဝါများ၏ အခွံများကိုလည်း တွေ့ရှိရကြောင်း သိရသည်။
SMZaw(MDN)
Source> Xinhua
