မုံရွာ ၁၇ ဇူလိုင်
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရီးသွားဇုန် ၅ ခုတွင် ၂၀၁၉ ခုနှစ်အတွင်း ဟိုတယ် (၁၀)လုံး တိုးချဲ့ ဖွင့်လှစ်နိုင်ခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ တိုင်းဒေသကြီး ဦးစီးမှူး ဦးအောင်သူဦး၏ ပြောကြားချက်အရ သိရသည်။
၂၀၁၉ ခုနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မုံရွာခရီးသွားဇုန်အတွင်း ဟိုတယ် (၃)လုံး၊ ကလေးခရီးသွားဇုန်အတွင်း ဟိုတယ်(၃)လုံး၊ စစ်ကိုင်းခရီးသွားဇုန်အတွင်း ဟိုတယ်(၂)လုံး၊ကသာခရီးသွားဇုန် အတွင်း ဟိုတယ်(၂)လုံး၊ စုစုပေါင်း(၁၀)လုံးအား တိုးချဲ့ဖွင့်လှစ်ခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန၏ မှတ်တမ်းများအရ သိရသည်။
“တိုင်းဒေသကြီးအတွင်းမှာ တစ်နှစ်ထက်တစ်နှစ် ခရီးသွားဝင်ရောက်မှုတွေများလာတဲ့အတွက် နိုင်ငံခြားခရီးသွားတွေ တည်းခိုလို့ရတဲ့အဆင့်အထိ ဟိုတယ်တွေတည်ဆောက်ဖွင့်လှစ်လာတာ အခုဆိုရင် ပိုပြီးများ လာတယ်၊ အသစ်ထပ်ပြီး တည်ဆောက်နေတာတွေလည်းရှိနေသေးတယ်” ဟု စစ်ကိုင်းတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ တိုင်းဒေသကြီး ဦးစီးမှူး ဦးအောင်သူဦးက ပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရီးသွားဇုန် (၅)ခုတွင် ၂၀၁၆ ခုနှစ်အထိ ဟိုတယ်(၂၃)လုံးရှိခဲ့ပြီး၊ ၂၀၁၇ ခုနှစ်တွင် ဟိုတယ် (၆)လုံး၊ ၂၀၁၈ ခုနှစ်တွင် ဟိုတယ် (၇)လုံးတိုးချဲ့ဖွင့်လှစ်ခဲ့ကြောင်းနှင့် ၂၀၁၉ ခုနှစ် တွင် ဟိုတယ် (၁၀)လုံးအား တိုးချဲ့ဖွင့်လှစ်ခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မုံရွာ၊ ကလေး၊ စစ်ကိုင်း၊ ရွှေဘို၊ ကသာခရီးသွားဇုန် တို့တွင် ယနေ့အထိ ဟိုတယ် (၄၆)လုံး ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)


