မင်းဘူး ၁၇   ဇူလိုင် 


မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၁၈-၂၀၁၉ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)ဖြင့် မင်းဘူးမြို့နယ်အတွင်း ကျေးရွာ(၁၄)ရွာ၌ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း (၁၄)ခုကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါရာ နှုန်းပြည့်ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း အဆိုပါ ဦးစီးဌာန မှ သိရသည်။


မင်းဘူးမြို့နယ်အတွင်းရှိ ကျေးရွာများဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းဖြင့် ကျေးရွာ(၁၄)ရွာ၌  ကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းသုံးခု၊ ကျေးလက်ကုန်ထုတ်လမ်းမြေနီခင်းခြင်းလုပ်ငန်းသုံးခု၊ ကျေးရွာချင်းဆက်လမ်း မြေနီကျောက်စရစ်ခင်းခြင်း လုပ်ငန်းတစ်ခု၊ ကျေးရွာမီးလင်းရေးအတွက် ၄၀ဝ ဗို့ ဓါတ်အားလိုင်း သွယ်တန်းခြင်းလုပ်ငန်းသုံးခု၊ ကျောက်ရိုးစီအုတ်ခုံခံ ကွန်ကရစ်တံတားတည်ဆောက်ခြင်းလုပ်ငန်း တစ်ခု၊ Box Culvert တည်ဆောက်ခြင်းနှင့် ချဉ်းကပ်လမ်းပြုပြင်ခြင်းလုပ်ငန်း နှစ်ခု၊ ကျေးရွာစာကြည့်တိုက်တစ်ခု  စုစုပေါင်းလုပ်ငန်း (၁၄)ခုကို ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းထောက်ပံ့ရန်ပုံငွေကျပ်သန်း (၁၄၀)၊ ကျေးရွာပြည်သူလူထုများ၏ လုပ်အားထည့်ဝင်မှုဖြင့် ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး နေပြီဖြစ်ကြောင်း မင်းဘူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ဘုန်းလင်း ပြောပြ၍ သိရသည်။


အဆိုပါ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်မှုကြောင့် ကျေးရွာ ၁၄ ရွာရှိ အိမ်ခြေ (၃၂၁၇)၊ လူဦးရေ(၁၃၀၉၈) တို့၏ ပညာရေး၊ လူမှုရေး၊ စီးပွားရေး လုပ်ငန်းများ ပိုမိုဆောင်ရွက်လာနိုင်ပြီး ယခင်ကထက် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်ကြောင်း သိရသည်။


မင်းဘူးမြို့နယ်အတွင်း ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းကို ၂၀၁၈ ခုနှစ် မီနီဘတ်ဂျက်တွင်လည်း ကျေးရွာသုံးရွာ၌ ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းသုံးခုအား စီမံကိန်း ထောက်ပံ့ရန်ပုံငွေကျပ် ၃၀ သန်း၊ ကျေးရွာပြည်သူလူထုမှ ထည့်ဝင်ငွေကျပ် ၆ ဒသမ ၃ သန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

 

ကျော်ဦး

 

1