ညောင်တုန်း ၁၇ ဇူလိုင်
ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ် စည်ပင်သာယာမြို့မဈေးကြီး၌ ရောင်းချနေသော စားသောက်ကုန်များအား ရှောင်တခင်ကွင်းဆင်းစစ်ဆေးပြီး ဈေးကွက်နမူနာကောက်ယူခြင်းကို ယနေ့ နံနက် ၉ နာရီက မအူပင်ခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA) က ဦးဆောင်၍ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီအဖွဲ့နှင့် ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်းပြီး စစ်ဆေးဆောင်ရွက်ခဲ့သည်။
အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် မအူပင်ခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါက်တာ မြတ်ခိုင်အောင်က စားသုံးရန်မသင့်သောဆိုးဆေးပါ စားသောက်ကုန်များ ရောင်းချခြင်းရှိ၊ မရှိနှင့် စားသောက်ကုန်ပစ္စည်းများတွင် ဖော်မလင်၊ ဓာတုဗေဒဆေးဝါးများသုံးစွဲ ရောင်းချခြင်းရှိ၊ မရှိတို့ကို သက်ဆိုင်ရာ မိတ်ဖက်ဌာနများနှင့် ယခုလိုပူးပေါင်းစစ်ဆေး ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် ပဲပြား၊ မျှစ်၊ ငရုပ်သီးအစိမ်းမှုန့်၊ ငါးပိ အစရှိသည့် စားသောက်ကုန်များတွင် ဖော်မလင်၊ ဓာတုဗေဒဆေးဝါးများသုံးစွဲ ထားခြင်း ရှိ/မရှိကို စမ်းသပ်စစ်ဆေးရန် ဈေးကွက်နမူနာကောက်ယူပြီး တိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ရုံးတွင် ဆက်လက်စမ်းသပ်စစ်ဆေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ဝဠာနိုင်(ညောင်တုန်း)


