နေပြည်တော် ၁၇ ဇူလိုင်

ရာသီတုပ်ကွေးရောဂါဖြစ်ပွားမှု အခြေအနေများအား ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးတွင် မျက်ခြေမပြတ်စောင့်ကြပ်ကြည့်ရှုခြင်း၊ ကာကွယ်ထိန်းချုပ်ခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်ခြင်းနှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ အပတ်စဉ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။

ရှေးဦးစွာ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ဇူလိုင် ၁၆ ရက်အထိ ရာသီတုပ်ကွေးရောဂါဖြစ်ပွားမှု နောက်ဆုံးရ အချက်အလက်များနှင့်ပတ်သက်၍ ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေးဆိုင်ရာ၊ ဓါတ်ခွဲမှုဆိုင်ရာ၊ ပြည်သူ့ဆေးရုံကြီးများမှရရှိသော အချက်အလက်များ၊ လက်တလော အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိသည့် ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ၊ ပြည်နယ်/ တိုင်းဒေသကြီး ကျန်းမာရေးဦးစီးမှူးများနှင့် ပူးပေါင်းဆက်သွယ်ဆောင်ရွက်မှု၊ ရောဂါဖြစ်ပွားမှု အရှိန်အဟုန်နှင့် လားရာအားသုံးသပ်၍ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ဦးတည်ဆောင်ရွက်နိုင်မည့် အခြေအနေ၊ ရောဂါဖြစ်ပွားသူ၊ သေဆုံးသူများ၏ ရောဂါသဘာဝနှင့် တွဲဘက်ဖြစ်ပွားသည့်ရောဂါများ၏ ပြင်းထန်မှုအခြေအနေတို့နှင့်ပတ်သက်၍ အသေးစိတ် ရှင်းလင်းတင်ပြခဲ့ပြီး (၂၀၁၇)ခုနှစ်အပါအဝင် ယခင်နှစ်များက ဖြစ်ပေါ်ခဲ့သော အချက်အလက်များနှင့် နှိုင်းယှဉ်လေ့လာခြင်းများကို တင်ပြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ယခုတင်ပြသော အချက်အလက်များအရ ယခုနှစ် ဇူလိုင် ၁၆ ရက်အထိ Seasonal Influenza A (H1N1) pdm 09 ရောဂါနှင့်ဆက်စပ်၍ တစ်နိုင်ငံလုံးတွင် သေဆုံးသူဦးရေ (၅၆) ဦးရှိခဲ့ရာတွင် ၇၈ ဒသမ ၆ ရာခိုင်နှုန်းဖြစ်သည့် (၄၄) ဦးမှာ နာတာရှည် ရောဂါအခံရှိသူများတွင်ဖြစ်ပြီး၊ ၈ ဒသမ ၉ ရာခိုင်နှုန်းဖြစ်သည့် (၅)ဦးမှာ အသက်အရွယ်ကြီးရင့်လွန်းသူ (အသက် (၇၅) နှစ်မှ (၈၅) နှစ်အကြား)နှင့် ငယ်ရွယ်လွန်းသူ (အသက် (၉) လမှ (၁၈) လအကြား) များဖြစ်၍ ၁၂ ဒသမ ၅ ရာခိုင်နှုန်းဖြစ်သော (၇)ဦးသည် Seasonal Influenza A (H1N1) pdm 09  သီးသန့် ဖြစ်ပွားသူများဖြစ်သည်ကိုတွေ့ရ၍ နာတာရှည်ရောဂါခံစားနေရသူများနှင့် အသက်ကြီးလွန်းသူ (သို့မဟုတ်) ငယ်လွန်းသူများတွင် တုပ်ကွေးရောဂါ လက္ခဏာများခံစားရပါက နီးစပ်ရာဆေးရုံ ဆေးခန်းများတွင် စောစီးစွာ လာရောက်ကုသမှုခံယူစေရေး ကျန်းမာရေးအသိပညာများ တိုးမြှင့်ပေးရန် လိုအပ်ပါကြောင်း။

ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနနှင့် အမျိုးသားဓါတ်ခွဲမှုဆိုင်ရာဌာန၊ ပြည်သူ့ဆေးရုံကြီးများ၊ ပြည်နယ်တိုင်းဒေသကြီးနှင့် ဒေသဆိုင်ရာ အာဏာပိုင်များအကြား ပေါင်းစပ်ညှိနှိုင်းရန်၍ ထိရောက်၍လက်တွေ့ကျသောလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးမှာ အလွန်အရေးပါကြောင်း၊ လူအများစုဝေးရာနေရာများဖြစ်သည့် အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးစာသင် ကျောင်းများနှင့် ဘတ်(စ်)ကားများတွင် ကျန်းမာရေး အသိပညာပေး ဟောပြောခြင်းများ၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်း၊ စတေကာများတပ်ခြင်း စသည်တို့ကို ရောဂါဖြစ်ပွားရာဒေသအလိုက် အရှိန်အဟုန်မြှင့်တင် ဆက်လက်ဆောင်ရွက်ရန်နှင့် ပညာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ရန်ဖြစ်ပါကြောင်း။

ရောဂါဖြစ်ပွားမှုနှုန်းကျဆင်းစေရေးတွင် အဓိကကျသည့်အချက် မဟုတ်သော်လည်း ရာသီတုပ်ကွေးရောဂါ ကာကွယ်ဆေးများကို ဦးတည်အုပ်စုအလိုက် ထိုးနှံပေးရန်ဖြစ်ပြီး ထပ်မံရောက်ရှိလာမည့် ကာကွယ်ဆေးများအားလည်း စနစ်တကျထိုးနှံနိုင်ရေး အချိန်နှင့် တပြေးညီ စီစဉ်ဆောင်ရွက်ရန် ဖြစ်ပါကြောင်း။

အမျိုးသားဓါတ်ခွဲမှုဆိုင်ရာဌာနတွင် လိုအပ်သည့် စက်ပစ္စည်းနှင့် ဓါတ်ခွဲမှုဆိုင်ရာ ကိရိယာများကိုလည်း ထပ်မံဝယ်ယူဖြည့်တင်းပေးရန်အတွက် ဘဏ္ဍာငွေရှိပါကြောင်း ပြောကြားသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသူများမှ မိမိတို့သက်ဆိုင်ရာကဏ္ဍအလိုက်နှင့် ကျွမ်းကျင်မှုပိုင်းဆိုင်ရာ ရှုထောင့်အသီးသီးတို့မှ တင်ပြဆွေးနွေးခဲ့ကြသည်။

ရာသီတုပ်ကွေးရောဂါဖြစ်ပွားမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်မှုများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အင်တာနက်စာမျက်နှာတွင် နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိပြီး ဖြစ်ပွားမှုအား အလုံးစုံခြုံငုံသုံးသပ်ခြင်းများကို ဇူလိုင် ၁၈ ရက်နောက်ပိုင်း နေ့စဉ်ထုတ် သတင်းစာများတွင် ထုတ်ပြန်ချက်အမှတ် (၃)အဖြစ် ဆက်လက်ထုတ်ပြန် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်