ရန်ကုန် ၁၇ ဇူလိုင်
ပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ်ဝေဖြန့်ချိမည့် အာဇာနည်နေ့ အမှတ်တရစာအုပ်များကို ၂၀၁၉ ခုနှစ် ဇူလိုင် ၁၉ ရက်တွင် ကျရောက်မည့် (၇၂)နှစ်မြောက် အာဇာနည်နေ့တွင် ပြည်သူများဖတ်ရှုလေ့လာနိုင်ရန် အခမဲ့ဝေငှသွားမည်ဖြစ်ကြောင်း သိရသည်။
အာဇာနည်နေ့ အမှတ်တရစာအုပ် (အင်္ဂလိပ်ဘာသာဖြင့်) ရိုက်နှိပ်ထားသော စာအုပ် ၂၅၀ဝ ကို ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီးရုံး၏အစီအစဉ်ဖြင့် ဖြန့်ချိမည်ဖြစ်ပြီး မြန်မာဘာသာဖြင့် ရိုက်နှိပ်ထားသော အုပ်ရေငါးသောင်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ခွဲဝေဖြန့်ချိသွားမည်ဖြစ်ကြောင်း သိရသည်။
အာဇာနည်ကြီးများအကြောင်းကို ပြည်သူများ သိရှိစေရန် ရည်ရွယ်ထုတ်ဝေသည့် အဆိုပါစာအုပ်မှာ A 5 အရွယ်အစားဖြစ်ပြီး (အလျား ၅.၇၅ × အနံ ၈.၂၅)ရှိကြောင်း သိရသည်။ အနက်ရောင်မျက်နှာဖုံးတွင် ကြယ်တစ်ပွင့်ပါ ပန်းခွေဖြင့် ပုံဖော်ထားသည်။ “အာဇာနည်နေ့ အမှတ်တရ” ဟူသောစာလုံးကို အဖြူရောင်ဖြင့် ရေးထိုးထားပြီး ၎င်းအောက်တွင် “၁၉ ဇူလိုင် ၁၉၄၇ - ၁၉ ဇူလိုင် ၂၀၁၉” ဟု အနီရောင်စာလုံးငယ်ကို တွေ့မြင်နိုင်မည်ဖြစ်သည်။ အဆိုပါမျက်နှာဖုံးနှင့် အတွင်းဒီဇိုင်းကို နေမျိုးဆေးက တာဝန်ယူဆောင်ရွက်ထားကြောင်း သိရသည်။
စာအုပ်၏နိဒါန်း အစပိုင်းတွင် သခင်ကိုယ်တော်မှိုင်း၊ ဇော်ဂျီ၊ မင်းသုဝဏ်၊ တင်မိုးတို့၏ အာဇာနည်တို့ အကြောင်းရေးဖွဲ့ထားသော ကဗျာများဖြင့် စတင်ထားပြီး ဒဂုန်တာရာ၏ ဘဝပုံသဏ္ဍန်နှင့် ပထမအရွယ်စာစုကို ဖတ်ရှုရမည်ဖြစ်သည်။ ထို့နောက် အာဇာနည်နေ့၊ အာဇာနည်စိတ်ဓာတ်ဟူသော ခေါင်းစဉ်ဖြင့် ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ရန်ကုန်မြို့ အတွင်းဝန်များရုံး၌ ဖြစ်ပွားခဲ့သော လုပ်ကြံမှုကြီးအကြောင်းကို ဖော်ပြထားသည်။
ဆက်လက်၍ ဗိုလ်ချုပ်အောင်ဆန်း၊ သခင်မြ၊ ဒီးဒုတ်ဦးဘချို၊ ဦးဘဝင်း၊ မိုင်းပွန်စော်ဘွား စပ်စံထွန်း၊ မန်းဘခိုင်၊ ဦးရာဇာတ်၊ ဦးအုန်းမောင်၊ ရဲဘော်ကိုထွေး စသော အာဇာနည်ပုဂ္ဂိုလ်ကြီးများ၏ ကိုယ်ရေးအတ္ထုပ္ပတိများကို ကာတွန်းပုံများနှင့်အတူ ဖော်ပြထားသည်။ ထို့ပြင် ဗိုလ်ချုပ်အောင်ဆန်း၏ဇနီး ဒေါ်ခင်ကြည်၏ အမှာစကား၊ အာဇာနည်ခေါင်းဆောင်များ ကျဆုံးပြီး ထုတ်လွှင့်သည့်သခင်နုမိန့်ခွန်း၊ ၂၀၁၃ ခုနှစ် ဇူလိုင်လတွင် ဒီလှိုင်းစာစောင် အတွဲ ၂၊ အမှတ် ၂၇ တွင် ဖော်ပြခဲ့သည့် အောင်ဆန်းစုကြည်၏ အာဇာနည်နေ့အကြောင်း၊ ဂန္ဓီမြင်သော ဂျင်နရယ်အောင်ဆန်းအကြောင်း၊ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့တွင် ရန်ကုန်မြို့ မြို့တော်ခန်းမ၊ တိုင်းပြုပြည်ပြု လွှတ်တော်အစည်းအဝေး၌ နောက်ဆုံးပြောကြားသော ဖဆပလဥက္ကဋ္ဌ ဦးအောင်ဆန်း မိန့်ခွန်းကောက်နုတ်ချက် အစရှိသည်တို့ကို စာမျက်နှာ ၅၆ မျက်နှာဖြင့် ဖော်ပြထားသည်။
အဆိုပါစာအုပ်ကို မကြာမီကျရောက်မည့် (၇၂)နှစ်မြောက် အာဇာနည်နေ့တွင် အာဇာနည်ဗိမာန်၊ အတွင်းဝန်များရုံး၊ ဗိုလ်ချုပ်ပြတိုက်(ရန်ကုန်)၊ ဗိုလ်ချုပ်ပြတိုက်(နတ်မောက်)၊ ရန်ကုန်မြို့တော်ခန်းမ၊ ဇမ္ဗူသီရိခန်းမ (နေပြည်တော်) တို့တွင် ပြည်သူများလက်ဝယ်သို့ ဖြန့်ချိမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် အာဇာနည်နေ့ အခမ်းအနားများကျင်းပမည့် ခရိုင်များနှင့် မြို့နယ်များတွင်လည်း အသီးသီးဝေငှမည်ဖြစ်ကြောင်း သိရသည်။
ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ - တင်စိုး(မြန်မာ့အလင်း)


